ညီအစ်မ (၃)ဦး အသတ်ခံရတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ အမှတ် ၂ ရပ်ကွက်၊ကျိုင်းစံရပ်၊ကျိုင်းငမ်း ၁ လမ်း၊ အိမ်အမှတ် ၅၈ နေအိမ်မှာ မနေ့က ဒီဇင်ဘာလ ၁၀ ရက်နေ့ ညက သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ် ။

အဆိုပါ အသတ်ခံရသူတွေဟာ နေအိမ်မှာအတူနေထိုင်တဲ့ ညီအစ်မ ၃ ဦး ဖြစ်ပြီး ၊ အားလုံးမှာ ထိုးသွင်းဒဏ်ရာ၊ပြတ်ရှဒဏ်ရာ ၊ ပေါက်ပြဲဒဏ်ရာတွေ တွေ့ရှိရတယ်လို့ သိရပါတယ် ။

"အပျိုကြီးညီအစ်မတွေပါ။ ကျိုင်းတုံမှာနေရတာလဲမလုံခြုံတော့ဘူး၊ ပစ္စည်းလည်း ယူတယ်။ လူကိုလည်းသတ်သွားတယ်။မိန်းမ ၃ယောက်ကို ရက်ရက်စက်စက်သတ်သွားတာ၊ တော်တော် ယုတ်မာမှုကြီးပါ။ တရားခံကမမိသေးဘူး။ ကျိုင်းတုံက ည၇ နာရီလောက်ဆိုရင်ပဲ တိတ်ဆိတ်နေတာ။ တော်ရုံအပြင်မထွက်ကြတော့ဘူး " လို့ ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောပါတယ် ။

သေဆုံးသူတွေက ဒေါ်ခင်ခင်ချို(ခ)မာရှောင်ရွှင် အသက်( ၆၁)နှစ်၊ ဒေါ်အေးစိန် ( ၅၉)နှစ်နဲ့ ဒေါ်လှရွှေ တို့ဖြစ်ပြီးကျိုင်းတုံမြို့မမှာ ငွေလဲ လုပ်ငန်းလုပ်ကိုင်ကြသလို၊ သိုးမွေးအထည် နှင့် စောင်တွေ၊ အမျိုးသမီးအဝတ်အထည် တွေ ရောင်းချတယ်လို့ သိရပါ တယ်။

" ဓားပြတိုက်တာ ဒါမှမဟုတ် အငြိုးတခုခုရှိတာကြောင့်လို့အားလုံးကတော့ခန့်မှန်းကြတယ်။ ခုမနက် စျေးထဲမှာလည်း သူတို့ညီအစ်မသတင်းကြားပြီး စိတ်မကောင်းဖြစ်နေကြတာ " လို့ကျိုင်းတုံမြိုံမစျေးက စျေးသည်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ တရားခံကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ ကျိုင်းတုံမြို့မရဲစခန်းက (ပ)၂၃၁/ ၂၀၂၁ရာဇသတ်ကြီးပုဒ်မ၃၀၂ နဲ့ အမှုဖွင့်ထားပြီး တရားခံကို ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။

Share

က္က