ဒီတခါတော့ ယူနိုက်တက်က တန်ဟက်ခ်ကို အလိုမလိုက်တော့ပါဘူး။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်ဟာ အေဂျက်စ်တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့နောက် ချဲလ်ဆီးမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ တောင်ပံကစားသမား ဇီယက်ချ်ကို အစားထိုးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ဒါကို တားမြစ်ခဲ့ပါတယ်။



ဇီယက်ချ်ကို ရောင်းထုတ်ဖို့ ချဲလ်ဆီးက ပြင်ဆင်နေပြီး ဒီကစားသမားကို အေစီမီလန်အပါအဝင် စီးရီးအေအသင်းအချို့ကလည်း စိတ်ဝင်စားနေပါတယ်။ ဇီယက်ချ်ဟာ အေဂျက်စ် ကစားသမားဟောင်းတယောက်ဖြစ်ပြီး ချဲလ်ဆီးမှာတော့ မျှော်လင့်ထားသလောက် မဖြစ်လာတဲ့ ကစားသမားလို့ပဲဆိုရမှာပါ။

တန်ဟက်ခ် ယူနိုက်တက်ကို ပြန်ရောက်လာတည်းက ဒီကစားသမားနဲ့ ယူနိုက်တက်တို့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဗန်ဘက်စတန်တို့ကလည်း ဇီယက်ချ်ကိုခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အေဂျက်စ်က အန်တိုနီကိုပါ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး အခုချိန်မှာတော့ အေဂျက်စ်က သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း (၁၀၀) အထိ စျေးတင်လိုက်ပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်က အန်တိုနီကို ခေါ်ယူဖို့ လုံးဝလက်လျှော့လိုက်ပြီး ပြင်သစ်သတင်းထောက် နာဘီလ်ဂျယ်လစ်ကတော့ ဇီယက်ချ်ဟာ တန်ဟက်ခ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တာဝန်ရှိသူတွေကတော့ အဓိကပြိုင်ဘက်အသင်းက ကစားသမားဖြစ်နေတာကြောင့် အပြောင်းအရွှေ့အတွက် ညှိနှိုင်းရခက်ခဲနိုင်တာ၊ ကစားသမားရဲ့ အသက်အရွယ်နဲ့ ဒဏ်ရာပြဿနာမှတ်တမ်းတို့ကြောင့် ခေါ်ယူပေးဖို့ စိတ်ကူးမရှိဘူးလို့ သိရှိရပါတယ်။

ဇီယက်ချ်ဟာ (၂၀၁၉) က အေဂျက်စ်မှာ ဆုဖလားနှစ်လုံးဆွတ်ခူးနိုင်ခဲ့ပြီး အဲ့ဒီနှစ် ချန်ပီယံလိဂ်မှာပဲ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ တန်ဟက်ခ်ရဲ့အသင်းအတွက် အဓိက,ကစားသမားဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် အပြောင်းအရွှေ့မှာ လှုပ်ရှားဖို့ အခု သြဂုတ်လကုန်အထိသာ အချိန်ရရှိမှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ညာနောက်ခံလူ၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေခေါ်ယူဖို့ လိုအပ်နေဆဲပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က