ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယူနိုက်တက်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ပြိုင်ဘက်ကို အထင်မသေးဖို့ အသင်းဖော်တွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ မနက်ဖြန်ညမှာ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာပါ။
ဟယ်ရီကိန်းကတော့ ဒီပွဲမှာ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံး ချန်ပီယံလိဂ်အိမ်ကွင်းပွဲကို ကစားရမှာလည်း ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာပဲ ဟယ်ရီကိန်းက ယူနိုက်တက်နဲ့ ပတ်သက်လို့ အသင်းဖော်တွေကို သတိပေးခဲ့တာပါ။
ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် (၅) ပွဲ ကစားပြီးချိန်မှာ (၃) ပွဲအထိ ရှုံးနိမ့်ထားပြီး အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအတွက်လည်း ယူနိုက်တက်က အောက်အသင်းအနေအထားမျိုးမှာသာ ရှိနေပါတယ်။
ဒါပေမယ့် ယူနိုက်တက်နဲ့ ပတ်သက်လို့ ဟယ်ရီကိန်းက “ခက်ခဲမယ့်ပွဲတစ်ပွဲပါ။ ယူနိုက်တက်က အခုချိန်မှာ ခက်ခဲနေတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် တစ်ခါတလေကျရင် ဒီလိုအသင်းတွေက အန္တရာယ်ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကြီးမားတဲ့နည်းလမ်းနဲ့ ပြန်လာဖို့ ကြိုးစားနေလို့ပါ”
“ဒီအတွက် ကျွန်တော်တို့ ပြင်ဆင်ထားရမှာပါ။ ကျွန်တော်တို့ကလည်း ကိုယ့်ပရိသတ်ရှေ့မှာ ကစားရမှာပါ။ ဒီပွဲကို ပြင်းထန်မှုအပြည့်နဲ့ ချဉ်းကပ်သွားပါမယ်။ ချန်ပီယံလိဂ်က အမြဲတမ်း ထူးခြားခမ်းနားပြီး ကျွန်တော့်ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံးပွဲဖြစ်တာကြောင့်လည်း ရလဒ်ကောင်းရယူဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။