ထောပတ်သီးနဲ့ ဓာတ်မတည့်သူကလွဲလို့ တော်တော်များများဟာ ထောပတ်သီးကို နှစ်ခြိုက်သဘောကျသူတွေချည်းပါပဲ။ အရသာလည်း ကောင်းမွန်ပြီး ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးအများကြီးရရှိနိုင်တဲ့ ထောပတ်သီးကို မကြိုက်နှစ်သက်သူရယ်လို့ ရှိပါ့မလား။
အခုပြောပြမှာကတော့ ထောပတ်သီးကို ဘာ့ကြောင့်စားသုံးသင့်သလဲဆိုတာပါပဲ။
thehealthsite.com
၁။ ဝိတ်ကျစေခြင်း
ထောပတ်သီးဟာ ကိုယ်အလေးချိန် ကျစေဖို့အတွက် အထောက်အကူအများကြီးပေးနိုင်ပါတယ်။ နေ့လည်စာ စားပြီးချိန်မှာ အချိုပွဲအဖြစ် ထောပတ်သီးစားပေးတာ ဒါမှမဟုတ် ထောပတ်သီးဖျော်ရည် သောက်တာမျိုး လုပ်ပေးခြင်းအားဖြင့် အဆီစုဝေးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးမှာ အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အစာခြေဖျက်မှုကို အားကောင်းစေပြီး ဝမ်းမှန်စေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ သတိထားရမယ့်အချက်ကတော့ ထောပတ်သီးကို အလွန်အကျွံစားသုံးတာမျိုး ပြုလုပ်ရင်တော့ ကိုယ်အလေးချိန်တက်လာနိုင်တာကြောင့် သင့်တင့်မျှတရုံသာ စားသုံးပေးဖို့လိုပါတယ်။
၂။ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း
ထောပတ်သီးချစ်သူတွေဟာ တကယ်တော့ ကျန်းမာရေးလိုက်စားသူတွေလို့ ပြောရမှာပါပဲ။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ထိန်းချုပ်ရေးစင်တာက ပြုလုပ်တဲ့ အရွယ်ရောက်ပြီးသူ ၁၇, ၅၆၇ ဦး ကိုလေ့လာမှုအရ တစ်နေ့ကို ထောပတ်သီးတစ်ခြမ်းစားသူတွေဟာ မစားတဲ့သူတွေထက် ပိုကျန်းမာတာကို တွေ့ရပါတယ်။ ထောပတ်သီးမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်တွေ ၊ ၊ သတ္တုဓာတ်တွေ ပါဝင်တဲ့အစားအစာဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ glutathione ကြွယ်ဝစွာပါဝင်နေပါတယ်လို့ အမေရိကန်အမျိုးသား တက္ကသိုလ်ကဖော်ပြခဲ့တဲ့ သာဓကတွေလည်း ရှိပါတယ်။
၃။အလှအပအတွက် အထူးကောင်းမွန်စေခြင်း
ထောပတ်သီးစားသုံးခြင်းအားဖြင့် မဒီတို့ရဲ့ အသားအရည်တွေကို အထူးကောင်းမွန်စေပါတယ်။ ထောပတ်သီးမှာပါ ဝင်တဲ့ အာဟာရဓာတ်များစွာက မဒီတို့ရဲ့ အသားအရေ၊ ဆံပင်နဲ့လက်သည်းတွေကိုအာဟာရဖြည့်ပေးပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ lutein ဓာတ်ပါဝင်တာကြောင့် မျက်စိအားကောင်းစေပါတယ်။
www.rmact.com
၄။သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း
ထောပတ်သီးမှာ ပိုတက်စီယမ်ဓာတ်မြင့်မားစွာပါဝင်တဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါတင်မက သွေးတွင်းကိုလက်စရောတွေကို ကျဆင်းစေပြီး သွေးတွင်းသကြားဓာတ်တွေကိုလည်း ထိန်းညှိပေးနိုင်တဲ့ အဖိုးတန်သစ်သီးဖြစ်ပါတယ်။
၅။ရောင်ရမ်းမှုကို သက်သာစေခြင်း
ထောပတ်သီးမှာရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ ထောပတ်သီးမှာ phytosterols ၊ ကာရိုတီးနွိုက်၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ omega 3 fatty acids နဲ့ polyhydroxylated fatty alcoholတွေပါဝင်တာကြောင့် အဆစ်အမြစ် ရောင်ရမ်းတာတွေ နဲ့ လေးဖက်နာဝေဒနာတွေကို သက်သာစေပါတယ်။
၆။ကိုယ်ဝန်ဆောင်ချိန် အကျိုးများစွာရရှိစေနိုင်ခြင်း
ထောပတ်သီးကို ကိုယ်ဝန်ဆောင်သည်တွေ စားသုံးဖို့ အထူးသင့်တော်တယ်လို့ ပြောပါရစေ။ ထောပတ်သီးမှာ ဖောလစ်အက်ဆစ်ဟာ မိခင်ရော ကလေးအတွက်ပါ အကျိုးထူးစေပါတယ်။ ထောပတ်သီးကို မိခင်လောင်းတွေ စားသုံးပေးခြင်းအားဖြင့် ကလေးငယ်တွေမှာ မွေးရာပါချွတ်ယွင်းချက်မဖြစ်အောင်ကာကွယ်ပေးနိုင်ခြင်း ၊ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်လာစေခြင်း ၊ သန္ဓေသားရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုအတွက် များစွာအထောက်အပံ့ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ထောပတ်သီးကိုစားသုံးသင့်ပါတယ်။
quickanddirtytips.com
အစားလည်းဆေး ၊ ဆေးလည်း အစာဆိုတဲ့အတိုင်း ကိုယ်စားသုံးလိုက်တဲ့ အစားအစာဟာ ကိုယ့်ရဲ့ ကျန်းမာရေးအတွက်ကော အလှအပအတွက်ပါ ကောင်းမွန်စေတယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကိုလည်း အမှတ်ရပြီး သင့်တင့်ရုံပမာဏထက် ကျော်လွန်ပြီး လွန်ကဲစွာ စားသုံးတာမျိုး မပြုလုပ်ကြဖို့ သတိပေးလိုက်ပါရစေ။
Ref: Healthline