ကိုဗစ်တတိယလှိုင်းမှာ အရေးပေါ်ကျန်းမာရေးအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ဘေးက အကြိမ်ကြိမ် လွတ်မြောက်ခဲ့တဲ့ သရုပ်ဆောင်ဗေလုဝက အခုချိန်မှာ မိသားစုနဲ့အတူ တွံတေးမြို့က ရွာလေးတစ်ရွာမှာ နေထိုင်နေတယ်လို့ သိရပါတယ်။
ဦးဗေရဲ့ ကျန်းမာရေးအခြေအနေကြောင့် လေကောင်းလေသန့်ရတဲ့ နေရာကို ပြောင်းရွှေ့ နေထိုင်နေရတာဖြစ်ကြောင်း ဦးဗေရဲ့ဇနီးက ဆိုရင်း ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြပါတယ်။
”ဦးဗေကတော့ အခု တွံတေးမြို့ရဲ့ တောရွာတစ်ခုမှာ နေနေပါတယ်။ ကျန်းမာရေးအရ လေကောင်းလေသန့်ရဖို့နဲ့ လမ်းလျှောက်တာအဆင်ပြေဖို့အတွက် အဲဒီဘက်မှာသွားနေဖို့ ဆုံးဖြတ်လိုက်တာပါ။ ဦးဗေရဲ့ကျန်းမာရေးကတော့ ကိုဗစ်တုန်းက အကြီးအကျယ် ဖြစ်လိုက်ပြီး အခုတော့ လမ်းလျှောက်နိုင်တဲ့အခြေအနေတော့ဖြစ်သွားပါပြီ။ စကားကတော့ နှစ်ခွန်းလောက်ပဲ သူပြောတယ်။ ပြောကိုမပြောနိုင်တော့တဲ့ အခြေအနေပါပဲ။ ကျန်တဲ့ကျန်းမာရေးအခြေအနေကတော့ ကောင်းပါတယ်"လို့ ဗေလုဝရဲ့ဇနီးဖြစ်သူက Duwun ရဲ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်က ဦးနှောက်သွေးကြောပိတ်ပြီး ဆေးရုံတက်ရပြီးနောက် ဆေးရုံမှ ပြန်ဆင်းလာတဲ့ ဦးဗေလုဝကို ဇနီးနဲ့အတူ တွေ့ရစဥ်။
အခုချိန် ဦးဗေလုဝက ကျန်းမာရေးအခြေအနေ ကြောင့်ငွေကြေးမရှာနိုင်တော့တဲ့အချိန်မှာ ဇနီးဖြစ်သူက စုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ပဲ တွံတေးမြို့က ရွာလေးမှာ ကုန်ခြောက်ဆိုင်ဖွင့်ရင်း မိသားစုဝမ်းရေးအတွက် ရုရုန်းကန်နေရတယ်လို့ သိရပါတယ်။
"အရင်ကဆို တစ်အိမ်လုံးက ဦးဗေရဲ့အနုပညာကြေးနဲ့ပဲ တစ်မိသားစုလုံး စားနေရတဲ့အခြေအနေဆိုတော့ အခု ဦးဗေ အလုပ်မလုပ်နိုင်တဲ့အချိန်မှာ အန်တီစုဆောင်းထားတာလေးနဲ့ ကုန်ခြောက်ဆိုင်ဖွင့်ထားပါတယ်။ ဆန်ဆီ ငရုတ်ကြက်သွန် ရောင်းနေတာပေါ့လေ။ အဆင်ပြေလားဆိုတော့လဲ ပြေလိုက်မပြေလိုက်ပါပဲ။ ရှိတဲ့ပိုက်ဆံလေးတွေကလည်း ဦးဗေရဲ့ကျန်းမာရေးစရိတ်ကို ထောက်ပံ့ပေးရတော့ အခြေအနေက ဘယ်လိုပြောရမလဲကိုမသိတော့ဘူး။ တွံတေးဘက်မှာနေရတာလည်း လေကောင်းလေးသန့်လည်းရတယ် အစားအသောက်တွေ လတ်ဆတ်တော့ ဒီဘက်မှာပဲ နေဖြစ်ဦးမယ်။ ရန်ကုန်ကတော့ ဘယ်တော့ပြောင်းဖြစ်မလဲ မပြောတတ်သေးပါဘူး "လို့ ဦးဗေလုဝရဲ့ဇနီးဖြစ်သူက မိသားစုဝမ်ရေးအတွက် ရုန်းကန်နေရပုံကို ပြောပြပါတယ်။
ဦးဗေလုဝက တော့အသက်၆၆နှစ်ရှိပြီဖြစ်ပြီး ၂၀၂ဝခု နှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဦးနှောက်သွေးကြောပိတ်ရောဂါကိုခံစားခဲ့ရကာ အရေးပေါ် အခြေအနေ က လွတ်မြောက်ခဲ့ပြီးတဲ့နောက်မှာ ကိုဗစ်တတိယလှိုင်းမှာလည်းအရေးပေါ် အခြေအနေနဲ့ ထပ်မံကြုံတွေ့ခဲ့ရပြီး နောက် သေကံမရောက်သက်မပျောက်ပဲ လွတ်မြောက်လာခဲ့သူလည်းဖြစ်ပါတယ်။