ယနေ့ခေတ်မှာ အရက်၊ ဘီယာက သောက်တာက လူငယ်တွေရော၊ လူကြီးတွေကြားမှာ စိတ်အပန်းဖြေစရာတစ်ခုဖြစ်လာပါတယ်။ လူမှုရေးအရပဲ ဖြစ်ဖြစ်၊ အလုပ်သဘောအရပဲဖြစ်ဖြစ် အရက်၊ ဘီယာသောက်လာကြတဲ့အခြေအနေမှာ မိမိအနေနဲ့ ကျန်းမားရေးဆိုးကျိုးမဖြစ်အောင် သောက်သုံးသင့်တဲ့ ပမာဏတွေကို သိထားဖို့တော့ လိုပါမယ်။
အရက်၊ဘီယာတွေမှာ အယ်လ်ကိုဟောပါဝင်မှုအခြေအနေ
အရက်ကို များသောအားဖြင့် ဘီယာ၊ဝိုင် နဲ့အရက်ပြင်းအုပ်စုဆိုပြီး ခွဲခြားထားတာရှိပါတယ်။ ဘီယာမှာဆိုရင် အရက်ပါဝင်မှုပမာဏ ၃ ရာခိုင်နှုန်းက ၇ ရာခိုင်နှုန်းပါဝင်တယ်။ ဝိုင်ထဲမှာတော့ ၉ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းပါဝင်ပြီး အရက်ပြင်း တွေဖြစ်တဲ့ ဝီစကီနဲ့ ရမ်တွေမှာ ၃၅ ရာခိုင်နှုန်းက ၄၅ ရာခိုင်နှုန်းထိပါဝင်တယ်။ အရက်မျိုးမျိုးမှာ အယ်လ်ကိုဟောပါဝင်မှုပမာဏ အမျိုးမျိုးဖြစ်နေတဲ့အတွက်ကြောင့် ပုံသေဖြစ်အောင်ဆိုပြီးတော့ ၁၀ ဂရမ် အယ်လ်ကိုဟောကို ၁ ယူနစ် လို့သတ်မှတ်ပါတယ်။
Photo : Freepik
ဘေးထွက်ဆိုးကျိုးမဖြစ်အောင် ဘယ်လိုသောက်ကြမလဲ။
အမျိုးသမီးတစ်ဦး ဒါမှမဟုတ် အသက် ၆၅ နှစ်ကျော်တဲ့ အမျိုးသားတစ်ဦးဟာ တစ်နေ့မှာ အယ်လ်ကိုဟော ပါဝင်မှုပမာဏ (၃) ယူနစ် ၊ တစ်ပတ်မှာ ၇ ယူနစ်ထက်မကျော်ဘဲ သောက်သုံးသင့်ပါတယ်။ ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ဆိုရင် တစ်ပတ်ကို ဘီယာ၊ ဝိုင် (၇) ခွက်ထက်ပိုပြီးမသောက်သုံးသင့်ပါဘူး။ ပုံမှန် အမျိုးသားတွေအနေနဲ့ တစ်နေ့မှာ ဘီယာ ၄ ခွက်၊ ဝီစကီဆိုရင်တော့ ၄ ပတ်ထက်မကျော်ဘဲ သောက်သုံးမယ်ဆိုရင် ကျ်းမာရေးဆိုးကျိုးအလွန်နည်းနိုင်ပါတယ်။
အရက်သောက်ခြင်းက စိတ်ဖိစီးမှုလျော့ကျနိုင်
လူ့ခန္ဓာကိုယ်ထဲကို အယ်လ်ကိုဟော ၃ ယူနစ်ခန့် ဝင်သွားတဲ့အခါမှာ ဒီလိုကောင်းကျိုးတွေ ရစေနိုင်ပါတယ်။
- စိတ်ဖိစီးမှုလျော့ကျစေတယ်။
- ပျော်ရွှင်စေတယ်။
- လူမှုဆက်ဆံရေးကောင်းလာတယ်။
- လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေအချင်းချင်းရင်းနှီးလာတယ်။
- စကားပြောကောင်းလာတယ်။
Photo : Freepik
သတ်မှတ်ပမာဏထက်ကျော်သွားရင် ဘာဖြစ်မလဲ
သတ်မှတ်ထားတဲ့ ၂ယူနစ်၊ ၃ ယူနစ်ထက် ပိုမိုသောက်သုံးမိရင်တော့
- လျှာလေးအာလေးဖြစ်လာမယ်။
- ခိုက်ရန်ဖြစ်ပွားမှုတွေများလာမယ်။
- အရှက်နဲ့ ဂုဏ်သိက္ခာထိခိုက်မှုတွေ ဖြစ်လာမယ်။ ဒါကြောင့် သင့်စိတ်ကို ပျော်ရွှင်ချင်ရင်တော့ ၂ ယူနစ် ၊ ၃ ယူနစ်လောက်နဲ့ပဲ ရပ်ထားသင့်ပါတယ်။
“ ကိုယ်က စိတ်ပျော်ရွှင်ဖို့ ၊ စိတ်ဖိစီးမှုကင်းဝင်စေဖို့ဆိုရင်တော့ သတ်မှတ်ထားတဲ့ဘောင်အတွင်းမှာပဲ သောက်သုံးပါ။ ပိုတိုးသောက်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိစေနိုင်တာကို သတိပြုရမှာပါ”
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ရဲ့ တင်ပြချက်များမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။