ယူနိုက်တက်နောက်ခံလူသစ် ယိုရိုက အသင်းရဲ့ အမေရိက ရာသီကြိုခရီးစဉ်မှာ ကစားသွားမယ့် ပွဲစဉ်အားလုံးကို အနိုင်ကစားသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက ရိန်းဂျားစ်နဲ့ ရာသီကြိုခြေစမ်းပွဲမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ ယိုရိုက ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးပွဲအဖြစ် ပွဲထွက်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ယိုရိုက “ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ခင်ဗျားတို့နဲ့ မကြာခင် အိုးထရက်ဖို့ဒ်မှာ ပြန်ဆုံဖို့ မျှော်လင့်ပါတယ်”
“ကျနော့်ရဲ့ပွဲဦးထွက်က တကယ်ကို အံ့အားသင့်စရာပါ။ ကျနော့်ရဲ့ စွမ်းဆောင်ရည်အတွက်လည်း ပျော်ရွှင်ရပြီး အသင်းဝန်ထမ်းတွေကလည်း ကျနော့်ကို သက်သောင့်သက်သာရှိအောင် ကူညီပေးခဲ့ကြပါတယ်။ ကျနော့်အတွက်တော့ တကယ်ကို ကောင်းပါတယ်”
“ကျနော်တို့ အမေရိကကို ပြိုင်ပွဲအသွင် (၃) ပွဲအတွက် သွားရောက်ကစားရမှာပါ။ အဲ့ဒီပွဲတွေမှာ အနိုင်ကစားဖို့ အသင်းအနေနဲ့ အရာအားလုံးကို ပေးဆပ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အာဆင်နယ်၊ လီဗာပူး၊ ဘက်တစ်တို့နဲ့ အမေရိကမှာ ခြေစမ်းကစားသွားမှာ ဖြစ်ပါတယ်။