နာမည်အကြီးဆုံးက ပဲဟင်းနဲ့ အရံဟင်းပွဲ (၇) မျိုးအပါ (၂,၀၀၀) ကျပ်တန် သတ်သတ်လွတ်ထမင်းပွဲဖြစ်ပါတယ်။

အိန္ဒိယနွယ်ဖွားတွေအပြင် မြန်မာလူမျိုးတွေပါ နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြတဲ့ ချစ်တီးထမင်းအပြင် အိန္ဒိယအစားအစာတွေ ဖြစ်တဲ့ တိုရှည်၊ ပူရီ၊ချာပါတီစတဲ့ ရိုးရာအစားအသောက်မျိုးစုံရောင်းချတဲ့ ဆိုင်တွေကို ရန်ကုန်မြို့ ဆူးလေလမ်းမပေါ် ပန်းဘဲတန်းမြို့နယ်တစ်ဝိုက်မှာ အများဆုံးတွေ့နိုင်တာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယစားသောက်ဆိုင်များစွာထဲကမှ သက်တမ်းအရှည်ကြာဆုံး စားသောက်ဆိုင်တစ်ခုဖြစ်တဲ့ နယူးဒေလီ အိန္ဒိယစားသောက်ဆိုင် အကြောင်းကို ဝေမျှပေးချင်ပါတယ်။



၁၉၆၃ ခုနှစ်က စတင်ခဲ့တဲ့ ၅၉ နှစ် သက်တမ်းရှိ နယူးဒေလီ

နယူးဒေလီ အိန္ဒိယစားသောက်ဆိုင်ကတော့ ၁၉၆၃ ခုနှစ်ကတည်းက ရန်ကုန်မြို့မှာ အစောဆုံးအဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ အိန္ဒိယစားသောက်ဆိုင်တစ်ခုလို့ ဆိုရမှာပါ။ အဲဒီခေတ်ကာလတုန်းက မြန်မာပြည်ထဲကို ဝင်လာတဲ့ အိန္ဒိယလူမျိုးတွေက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့် ခေတ်အဆက်ဆက်မှာ သားဖြစ်သူနဲ့ မြေးဖြစ်သူတို့ကို လက်ဆင့်ကမ်းခဲ့တဲ့ မိသားစု အမွေအနှစ်စားသောက်ဆိုင်တစ်ခုလို့ ဆိုရင်လည်းမမှားပါဘူး။

“ ကျွန်တော့်အဘေးက အိန္ဒိယကနေ လာခဲ့တာပါ။ အိန္ဒိယလက်ရာတွေက သူတို့ချက်တတ်ပြုတ်တတ်နေကျဖြစ်တယ်။ အဲဒီလက်ရာတွေကို ကျွန်တော့်အဘိုးကို ပြန်မျှ‌ဝေတာပေါ့။ အဘိုးကနေ အဖေ လက်ထက်မှာတော့ ဟင်းချက်ဆရာတွေကို ဒီဟင်းနည်းပညာတွေကို ပြန်ပြီး မျှဝေခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ အ‌ဘေးလက်ထည်ကတည်းက အိန္ဒိယလက်ရာတွေအတိုင်း အခုချိန်တိုင်အောင် ထိန်းသိမ်းပြီး ချက်နေတာပေါ့” လို့ ယခုလက်ရှိမှာ ဆိုင်ကို ဦးစီးနေသူ ကိုစစ်ဟိန်းနိုင်က ဆိုပါတယ်။


အိန္ဒိယမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာမတူညီတဲ့အစားအသောက်တွေ

အိန္ဒိယအစားအသောက်လို့ ပြောလိုက်တာနဲ့ ဝါဝါထိန်ထိန် နနွင်းရောင်တောက်တောက်ပဲဟင်း၊ နီနီရဲရဲဟင်းအနှစ်တွေ၊ သတ်သတ်လွတ်ဟင်းသီးဟင်းရွက်နဲ့ မွေးကြိုင်လှတဲ့ဟင်းလျာတွေက အိန္ဒိယအစားအသောက်နှစ်သက်သူတွေကို သွားရေယိုစေပါတယ်။

အိန္ဒိယအစားအသောက်ထဲမှာမှအိန္ဒိယတောင်ပိုင်းနဲ့ မြောက်ပိုင်း အစားအသောက် မတူပါဘူး။ တောင်ပိုင်းမှာတော့ တိုရှည်၊ အီတလီ (ဆန်နဲ့‌ပေါင်းထားတဲ့မုန့်) တို့ကို မနက်စာအဖြစ် အဓိက ထားစားသောက်ကြတာဖြစ်ပါတယ်။ နေ့လယ်စာကိုလည်း ထမင်းအဓိက စားတာမဟုတ်ဘဲ တိုရှည်နဲ့ ချာပါတီကို အဓိက စားသောက်တာဖြစ်ပါတယ်။ အိန္ဒိယမြောက်ပိုင်းကတော့ တိုရှည်၊ပူရီ မစားကြတော့ဘဲ နံပြား၊ ကြက်သားနဲ့ ပဲဟင်းကို အဓိကစားတယ်လို့ သိရပါတယ်။

နယူးဒေလီမှာ ရနိုင်တဲ့ အိန္ဒိယအစားအသောက်တွေ

နယူးဒေလီ စားသောက်ဆိုင်မှာတော့ အိန္ဒိယတောင်ပိုင်းအစားအစာဖြစ်တဲ့ တိုရှည် (ကြက်ဥတိုရှည်၊ ထောပတ်တိုရှည်၊ အစာပလာမျိုးစုံပါဝင်တဲ့ တိုရှည်၊ ) ပူရီမျိုးစုံ၊ ချပါတီမျိုးစုံ၊ ပလာတာမျိုးစုံ၊ ဂျင်းလက်ဖက်ရည်၊ ဂျင်းကော်ဖီ၊ အိန္ဒိယစတိုင် ဆိတ်သားဟင်းမျိုးစုံ၊ ကြက်သားဟင်းမျိုးစုံ တို့အပြင် ဒီဆိုင်မှာ နာမည်အကြီးဆုံးကတော့ ပဲဟင်းနဲ့ အရံဟင်းပွဲ (၇)မျိုးပါဝင်တဲ့ သတ်သတ်လွတ်ထမင်းဖြစ်ပြီး တစ်ပွဲကို ၂,၀၀၀ ကျပ်နဲ့သာ ရောင်းချတာဖြစ်တာကြောင့် လူတန်းမရွေးစားသုံးနိုင်အောင် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယအစားအစာမှာ တိုရှည်လို့ ဆိုလိုက်တာနဲ့ တိုရှည်အမျိုးအစားပေါင်း ၉၀ ကျော်လောက်ရှိပြီး ဆိုင်မှာကတော့ ၇ မျိုး၊ ၈ မျိုးခန့်သာ ရနိုင်ပါတယ်။ ဒီဆိုင်မှာ သတ်သတ်လွတ်ထမင်းအပြင် ထောပတ်ထမင်း၊ အုန်းထမင်းတို့လည်း ရနိုင်ပါတယ်။ စျေးနှုန်းတွေကတော့ အနည်းဆုံး ၅၀၀ ကနေ အများဆုံး ၃၅၀၀ ခန့် ရှိပြီး ဟင်းအမျိုးအစားအလိုက် စျေးနှုန်းတွေကတော့ ကွဲပြားမှုရှိပါတယ်။

၅၉ နှစ်ကြာ မိသားစု အမွေအနှစ် လက်ဆင့်ကမ်းနိုင်ခဲ့တဲ့လျှို့ဝှက်ချက်
ရန်ကုန်မြို့မှာ အိန္ဒိယစားသောက်ဆိုင်များစွာရှိပေမယ့် နယူးဒေလီကတော့ ၁၉၆၃ ခုနှစ်ကစတင်ခဲ့တာကြောင့် သက်တမ်းအကြာဆုံးလို့ ပြောရမှာပါ။ သူတို့ဆိုင်နဲ့အတူတူ ဖွင့်လှစ်ခဲ့တဲ့ အိန္ဒိယစားသောက်ဆိုင်တွေ ရှိပေမယ့် တချို့ဆိုင်တွေက ပိတ်သွားတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။


“ ကျွန်တော့်အဖေဆို အသက် ၁၄နှစ် ၁၅ နှစ်လောက်တည်းက ဒီစားသောက်ဆိုင်အလုပ်ကို လုပ်ခဲ့တာပါ။ ငယ်ငယ်ကတည်းက လုပ်ခဲ့တာဆိုတော့ ဒီအလုပ်ကို အကျွမ်းတဝင်ရှိတယ်။ အ‌ဘေးက ပေးခဲ့တဲ့ အိန္ဒိယလက်ရာအတိုင်းကိုလည်း အရသာမပျက်အောင် ဂရုတစိုက်နဲ့ လုပ်ပါတယ်။ ကျွန်တော့်အဘေးက အဘိုးကို ဒီလက်ရာကို ပေးခဲ့တယ်။ အဘိုးကနေ အဖေ ၊အဖေကနေ အခု ကျွန်တော့်ကို ပြန်သင်ပေးတယ်။ ကျွန်တော်လည်း အခုစပြီးကြိုးစားနေတာပေါ့။ ဒီထက်ပိုပြီးကောင်းအောင်လည်း ကြိုးစားသွားပါမယ်” လို့ ကိုစစ်ဟိန်းနိုင်က ပြောပါတယ်။

အချိန်တိုင်း စားသုံးသူမပြတ်တဲ့ နယူးဒေလီ

ဆိုင်ကိုတော့ မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားပြီး မနက်စာကနေ ညနေစာအထိ စားသုံးနိုင်တဲ့အချိန် ဖြစ်အောင် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီဆိုင်မှာ မနက်စာအဖြစ် ထမင်းကြော်နဲ့ဟင်းနဲ့တွဲစားကြတာများသလို လက်ဖက်ရည်၊ ဂျင်းကော်ဖီတို့လည်းမှာယူသောက်သုံးကြပါတယ်။

ဒါ့အပြင် တိုရှည်၊ ပူရီ၊ ချပါတီတို့ကိုလည်း မနက်စာအဖြစ်မှာယူစားသုံးကြတာများပါတယ်။ နေ့လယ်ပိုင်းမှာတော့ သတ်သတ်လွတ်ထမင်းနဲ့ ဟင်းလျာမျိုးစုံကလည်း ဒီဆိုင်မှာ စားဖူးတဲ့သူတိုင်း အမြဲမှာနေကျ အစားအသောက်တစ်ခုဖြစ်ပြီး တစ်နေ့ကို စားသုံးသူ ရာနဲ့ချီရှိတယ်လို့ ဆိုပါတယ်။ ဆိုင်ကိုတော့ အမှတ် ၂၇၄၊ အနော်ရထာလမ်း (၂၈ လမ်းနှင့် ရွှေဘုံသာလမ်းကြား) ၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က