လာမယ့်နှစ် မတ်လမှာ သမ္မတရာထူးကို တရားဝင်လွှဲပြောင်းရယူသွားမှာ ဖြစ်ပါတယ်

ချီလီမှာ ပိုမိုကောင်းမွန်တဲ့ပညာရေးစနစ်အတွက် တောင်းဆိုနေကြတဲ့ ကျောင်းသားဆန္ဒပြမှုတွေကို ဆယ်နှစ်ကြာ ဦးဆောင်ခဲ့သူ ဂါဘရီရယ်ဘောရစ်က နိုင်ငံရဲ့ အသက်အငယ်ဆုံး သမ္မတဖြစ်လာမယ်လို့ သိရပါတယ်။

(မဲပေးအပြီး ထောက်ခံသူတွေနဲ့အတူ selfie ရိုက်နေသည့် ဂါဘရီရယ်ဘောရစ်)

ဥပဒေကျောင်းသားဟောင်းဖြစ်သူ ဂါဘရီရယ်ဘောရစ်ဟာ လက်ဝဲဝါဒီတစ်ဦးဖြစ်ပြီး ချီလီရဲ့ စီးပွားရေးစနစ်ကို ပြောင်းလဲသွားမယ်လို့ ပြောဆိုထားပါတယ်။ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၉ ရက်) က ကျင်းပပြလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဂါဘရီရယ်ဘောရစ်က လက်ယာစွန်းဝါဒီ ပြိုင်ဘက် ဂျို့စ်အန်တိုနီယိုကတ်စ်ကို အနိုင်ရခဲ့ပါတယ်။



"ကျွန်တော့်ကို မဲပေးခဲ့သည်ဖြစ်စေ မဲမပေးခဲ့သည်ဖြစ်စေ ကျွန်တော်က ချီလီနိုင်ငံသားအားလုံးရဲ့ သမ္မတတစ်ယောက်ဖြစ်လာပါတော့မယ်၊ ဒီကြီးမားတဲ့စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကျွန်တော် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ" လို့ ဂါဘရီရယ်ဘောရစ်က ပြောပါတယ်။ ကျောင်းသားခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သူ အသက် ၃၅ နှစ်အရွယ် ဂါဘရီရယ်ဘောရစ်ဟာ လာမယ့်နှစ် မတ်လမှာ သမ္မတရာထူးကို တရားဝင်လွှဲပြောင်းရယူသွားမှာ ဖြစ်ပါတယ်။

(ဂါဘရီရယ်ဘောရစ်ကို ထောက်ခံသူများ အောင်ပွဲခံကြစဥ်)

ချီလီတောင်ဘက်စွန်းပိုင်း Punta Arenas မြို့မှာ မွေးဖွားခဲ့တဲ့ ဂါဘရီရယ်ဘောရစ်ဟာ ကျောင်းသားတစ်ဦးအဖြစ် ချီလီတက္ကသိုလ် ကျောင်းသားများအဖွဲ့ချုပ် (Federation of Students) ကို ဦးဆောင်ခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၁ ခုနှစ်အတွင်းက ပိုမိုကောင်းမွန်ပြီး ကုန်ကျစရိတ်သက်သာတဲ့ ပညာရေးစနစ်ကို တောင်းဆိုခဲ့ကြတဲ့ ကျောင်းသားဆန္ဒပြမှုတွေကို ဦးဆောင်သူအဖြစ် ထင်ရှားပါတယ်။ ဂါဘရီရယ်ဘောရစ်ဟာ အသက် ၂၀ ကျော်အရွယ် ၂၀၁၄ ခုနှစ်မှာ ချီလီနိုင်ငံရဲ့ ဧရိယာကျယ်ပြောပြီး လူဦးရေကျဲပါးတဲ့ တောင်ပိုင်းစွန်းနယ်မြေ Magallanes ကိုယ်စားပြု အောက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

(ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် ဂျို့စ်အန်တိုနီယိုကတ်စ်)

ယခုနှစ် ဒီဇင်ဘာ သမ္မတရွေးကောက်ပွဲမှာတော့ မဲလက်မှတ် ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်မှာ လက်ဝဲဝါဒီ ညွှန့်ပေါင်းအုပ်စုကို ဦးဆောင်သူ ဂါဘရီရယ်ဘောရစ်က ထောက်ခံမဲ ၅၅.၈၆ ရာခိုင်နှုန်းနဲ့ ၎င်းရဲ့ပြိုင်ဘက် လက်ယာစွန်းဝါဒီ ဂျို့စ်အန်တိုနီယိုကတ်စ်က ၄၄.၁၄ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

ပြိုင်ဘက်ဖြစ်သူ ဂျို့စ်အန်တိုနီယိုကတ်စ်က ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီး ဂါဘရီရယ်ဘောရစ်ကို ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။ ကျောင်သားခေါင်းဆောင်ဖြစ်ခဲ့တဲ့အလျောက် ဂါဘရီရယ်ဘောရစ်ဟာ ချီလီလူငယ်ထုရဲ့ အားပေးထောက်ခံမှုကိုလည်း များစွာရရှိထားပါတယ်။

Source and Photo: Reuters


ဆက်စပ်အကြောင်းအရာများ

Share

က္က