ကလေးငယ်တွေ ကျောင်းခန်းထဲကို လူစုံတက်စုံ မရောက်ရှိနိုင်ကြပါဘူး။

၂၀၂၀ မတ်လမှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကိုဗစ်က အစပြုလို့ မြန်မာနိုင်ငံအတွင်းက ကျောင်းနေအရွယ် ကလေးတွေ အနည်းဆုံး တစ်နှစ် ကျောင်းနောက်ကျခဲ့ရပြီး နိုင်ငံရေး မတည်ငြိမ်မှုပါ ပေါင်းစပ်လာတဲ့အခါ ကလေးငယ်တွေရဲ့ ပညာရေးဟာ ၂ နှစ်ခန့် နောက်ကျမယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ 

နိုဝင်ဘာလ (၁)ရက်နေ့မှာတော့ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ယခုကာလ နိုင်ငံရေးမတည်မငြိမ်မှုတွေကြောင့် မိဘအများစုရဲ့ ဆန္ဒက ကလေးတွေကို ကျောင်းမလွှတ်ချင်နေသေးတာပါ။ 



ကျောင်းခန်းပြင်ပမှာ ပညာဆက်လက်ခွင့်ရကြတဲ့ ကလေးငယ်များ

“ အန်တီ့ သမီးက (၁၀)တန်းတက်မှာ။ ခုဆို နားထားတာ(၂)နှစ်ပေါ့ ၊ ကျောင်းမတက်ရပေမယ့် အသက်ကတော့ကြီးလာတာပဲလေ။ ဒီကာလကြီးမှာကျောင်းထားဖို့ကလည်းမဖြစ်နိုင်ဘူး။ ကိုယ့်သားသမီးတစ်ယောက်တည်းလည်းမဟုတ် အများလည်းခုလိုပဲဖြစ်နေတာ။ သူ့ကို အိမ်မှာ ဆရာတွေနဲ့ စာခေါ်သင်ပေးတယ်။ နိုင်ငံရေးလည်းတည်ငြိမ်လို့ ပုံမှန်အတိုင်းလည်ပတ်ပြီဆိုရင်တော့ ရောက်တဲ့အတန်းကနေ စတက်ရုံပဲ။ (၁၀)တန်းက အချိန်မရွေးဖြေလို့ရပါတယ်။ ဒီကာလကတော့ ကျောင်းဖွင့်လည်း မထားဘူး”လို့ ရန်ကုန်လှိုင်မြို့နယ်မှာ နေထိုင်တဲ့ မိဘတစ်ဦးကပြောပါတယ်။

Photo- ကိုဗစ်ကာလအတွင်း ပထမဆုံးကျောင်းများပြန်ဖွင့်စဉ်

ကျောင်းသားတွေအနေနဲ့ ကျောင်းမတက်ရပေမယ့်လည်း အသက်ကတစ်နှစ်ထက် တစ်နှစ်ကြီးပြင်းလာပြီး အတန်းပညာကတော့ နှောင့်နှေးနေကြတာဖြစ်ပါတယ်။ မူလတန်းစတက်မယ့် ကလေးတွေဟာ အသက်အရ (၇)နှစ်ရှိနေပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ ကျောင်းတက်ကာ အတန်းပညာသင်ယူရခြင်းမရှိသေးပါဘူး။ “ အစ်မ သမီးလေးက မနှစ်ကစပြီးတော့ ကျောင်းစတက်ရမှာ။ သားလေး က (၃)တန်းတက်မှာ။ မနှစ်ကတော့ ကိုဗစ်ကြောင့်ကျောင်းတွေပိတ်တော့ မတက်ရဘူးပေါ့။ ဒီနှစ်က နိုင်ငံရေးကောဆိုတော့ ပိုဆိုးတာပေါ့။ ကလေးတွေက တစ်ခုခုဆို ကိုယ့်ကိုကိုယ်ထိန်းသိမ်းတတ်တဲ့အရွယ်တွေလည်း မဟုတ်တော့ ဘယ်လိုမှ စိတ်မချဘူး။ အတန်းပညာနောက်ကျလည်းနောက်ကျပါစေ။ ကျောင်းမတက်ရပေမယ့် အိမ်မှာတော့ ဆရာခေါ်သင်ပေးတယ်။ အဓိကက သူ့အသက်အရွယ်မှာ သူရှိသင့်တဲ့ဉာဏ်ရည်ရှိဖို့ပဲ။ ကျောင်းတက်ရမှမဟုတ်ဘူး” လို့ သမိုင်းမှာနေထိုင်တဲ့ မိဘတစ်ဦးကလည်း Duwun ကိုပြောပါတယ်။

“ ကျောင်းထားဖို့ကတော့ စိတ်မချပါဘူး။ သားကလည်း ကျောင်းမတက်ချင်ဘူးပြောတယ်။ အခုပညာရေးက (၂)နှစ်အောက်နေပြီဆိုပေမယ့် သူ့ပညာရေးနဲ့ပတ်သက်လို့တော့ မစိုးရိမ်ဘူး။ သားက အခု အွန်လိုင်းကနေ GCE O level တက်မယ်တဲ့ ”လို့ နေပြည်တော်က အထက်တန်းကျောင်းသားတစ်ဦးရဲ့ မိခင်ကလည်း သူ့အတွေ့အကြုံကို ပြောပါတယ်။

ရရာအလုပ် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ကလေးငယ်များ

မြို့ပြ ဒါမှမဟုတ် မြို့ပြနဲ့ နီးစပ်တဲ့ ကျောင်းသားတွေမှာ ပညာရေးအဆက်မပြတ်စေဖို့ အခွင့်အရေး တချို့ရှိပေမယ့် အချို့ဒေသတွေမှာတော့ ကျောင်းနေအရွယ် လူငယ်တွေဟာ အကြောင်းပြချက် အမျိုးမျိုးကြောင့် အလုပ်တစ်ဖက်နဲ့ ဖြစ်လာပါတယ်။

Photo- ကိုဗစ်ကာလအတွင်း ပထမဆုံးကျောင်းများပြန်ဖွင့်စဉ်

“ သားသမီးက (၃)ယောက်၊ အငယ်လေးကတော့ ကျောင်းနေအရွယ်မရောက်သေးဘူး။ သမီးနှစ်ယောက်က (၈)တန်းတစ်ယောက် (၁၀)တန်းတစ်ယောက်။ ကျောင်းကတော့ မထားပါဘူး။ ပထမကျောင်းအပ်လက်ခံကတည်းက ကျောင်းလည်းမအပ်ထားဘူး။ အခုပြန်ဖွင့်တော့လည်း ထားလို့မရဘူးလေ။ အခြေအနေတွေကလည်း ဘာမှန်းမှမသိတာ။ အများနဲ့တက်ကြပြီးဆိုရင်တော့ ထားရမှာပေ့ါ။ ဒီဘက်မှာလည်း ကျောင်းထားတဲ့သူသိပ်မရှိဘူး။ နည်းပါတယ်။ အခုကျောင်းမတက်ရသေးတော့ သမီးနှစ်ယောက်က နေ့စားအလုပ်ရှိရင် နေ့စားလိုက်တယ်” လို့ လယ်ဝေးမြို့က နေ့စားအလုပ်လုပ်ကိုင်နေတဲ့ မိဘတစ်ဦးကပြောပါတယ်။ 

ကျောင်းဆက်တက်ဖို့ ရွေးချယ်လိုက်သူတွေ

တချို့မိဘတွေကလည်း ကလေးတွေရဲ့ ဆန္ဒအရ ကျောင်းပြန်အပ်ကြတာတွေလည်း ရှိပါတယ်။ 

" သူ့ဆန္ဒကိုမေးတယ် ကျောင်းတက်ချင်လားပေါ့။ သူ့သူငယ်ချင်းတွေကို သူ့ဟာသူဖုန်းဆက်မေးတော့ ကျောင်းတစ်နှစ်နောက်မကျချင်လို့ တက်ချင်တယ်တဲ့။ ဒါပေမဲ့ အဖေတို့သဘောပါတဲ့။ ကလေးကလည်းတက်ချင်တယ်ဆိုတော့ တက်ခိုင်းလိုက်ပါတယ်။တကယ်လို့ ကလေးက မတက်ချင်ဘူးဆိုရင် ထားမှာမဟုတ်ဘူး။ ကလေးလုံခြုံရေးအတွက် နည်းနည်းတော့ပူတယ်။ ဒါပေမဲ့ အရမ်းပူတာတော့ မဟုတ်ဘူး။ ကလေးအများကြီးကို တစ်ခုခုလုပ်လောက်တဲ့အထိတော့ ဦးနှောက်မမဲ့ကြလောက်ပါဘူး လို့ထင်တယ်" လို့ ပြည်ဒေသခံမိဘတစ်ဦးက ဆိုပါတယ်။

ပဋိပက္ခတွေကြားမှာ ရွေးချယ်ခွင့်မရှိကြတဲ့ ကလေးငယ်များ

မြို့ပေါ်ဒေသတွေမှာ ကလေးတွေရဲ့ပညာရေးက အတန်းပညာမတက်ရပေမယ့်လည်း အသိဉာဏ်ပညာတိုးတက်ဖို့အတွက်ကတော့ အခွင့်အလမ်းများစွာရှိနေပါသေးတယ်။ ပဋိပက္ခဒေသအတွင်းက ကလေးတွေအနေနဲ့ကတော့ အတက်ပညာရော အသိပညာရော သင်ကြားဖို့အတွက် အခက်အခဲတွေရှိနေတာပါ။

“ ပဋိပက္ခအတွင်း နေအိမ်ကနေစွန့်ခွါနေကြရတဲ့ ကလေးတွေကတော့ ကျောင်းတက်ဖို့အခွင့်အရေးက လုံးဝဆုံးရှုံးတာပေါ့။ အမတို့အနေနဲ့ကတော့ ဆက်သွယ်ရလွယ်တဲ့နေရာက ကလေးတွေကိုဆိုရင်တော့ video lesson လေးတွေပို့ပေးပြီး သူ့တို့ရဲ့အသိပညာလေးတွေတိုးတက်အောင်ပို့ပေးပြီး သင်ကြားတယ်။ အင်တာနက်မရတဲ့နေရာတွေအတွက်ကတော့ ခက်ခဲတာပေါ့။ ခုချိန်မှာ တစ်နိုင်ငံလုံးကကလေးတွေကတော့ အတန်းပညာတက်တဲ့အခွင့်အရေးကအားလုံးဆုံးရှုံးနေတာပါပဲ။ အမတို့က အရင်ကတည်းက ပညာရေးမှာ အတန်းပညာတက်မှမဟုတ်ဘူး။ အသက်အရွယ်အလိုက် ရှိသင််ရှိထိုက်တဲ့ အသိဉာဏ်ရှိရင်လုံလောက်တယ်လို့ သတ်မှတ်ထားတာဆိုတော့ ခုချိန်မှာ ကလေးတွေကျောင်းမတက်ရလည်း တခြားသင်ကြားရေးစနစ်တွေနဲ့လုပ်ဆောင်လို့ရပါတယ်” လို့ စစ်ဘေးရှောင်ကလေးငယ်တွေအတွက် သင်ကြားရေးအထောက်အကူပေးနေတဲ့ အဖွဲ့အစည်းတစ်ခုက ဆိုပါတယ်။ 

၂၀၂၀-၂၁ ပညာ‌ရေးနှစ် ကစလို့ သေချာပြန်လည်မဖွင့်လှစ်နိုင်တော့တဲ့ ပြည်တွင်းက စာသင်ကျောင်းတွေဟာ ယခုနှစ်ထဲမှာလည်း ကျန်းမာရေး၊ နိုင်ငံရေးအခြေအနေများကြောင့် အချိန်မီ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ စာသင်ကျောင်းတွေရဲ့ လေးပုံတစ်ပုံခန့်ဟာ ပြီးခဲ့တဲ့ သြဂုတ်လက စလို့ ပြန်လည်ဖွင့်လှစ် လည်ပတ်နေပြီ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က