ချဲလ်ဆီးအသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ အရေးကြီးတဲ့ပွဲစဉ် ၂ ပွဲမတိုင်မီ ဂရေဟမ် ပေါ့တားရဲ့ နည်းပြဘဝ အနာဂတ်နဲ့ပတ်သက်ပြီး သံသယ စဖြစ်လာနေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အနောက်လန်ဒန်ကလပ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပိုင်ရှင်သစ် လက်လွှဲယူပြီးကတည်းက ပေါင်သန်း ၆၀၀ ဝန်းကျင် သုံးစွဲထားတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင်ရာမှာ အလွန်ကောင်းမွန်တဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့်လည်း တနင်္ဂနွေနေ့က လန်ဒန်ပြိုင်ဘက်တွေနဲ့ပွဲစဉ်မှာ အစွယ်မရှိတဲ့ မြွေဖြစ်နေခဲ့ပြီး တစ်ပွဲလုံး ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီရှုံးပွဲက လက်ရှိအချိန်အထိ ချဲလ်ဆီးအသင်း ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ် ဘိုလီနဲ့ ဘက်ဒက် အက်ဂ်ဘာလီတို့ရဲ့ အပြည့်အဝ အားပေးထောက်ခံမှုကို ရရှိထားဆဲဖြစ်တဲ့ ပေါ့တားအပေါ်မှာ ဖိအားတွေ မြင့်တက်လာစေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Daily Mail ရဲ့ ဖော်ပြချက်အရ စပါးစ်ကို ရှုံးနိမ့်ခဲ့မှုက ဘရိုက်တန်နည်းပြဟောင်းအပေါ်မှာ ယုံကြည်မှု စတင် ယိုင်နဲ့လာပြီး သံသယတွေ စတင်မွေးဖွားလာစေခဲ့တယ်လို့ သိရပြီး ချဲလ်ဆီးဘုတ်အဖွဲ့ဟာ ပေါ့တားကို ၂၀၂၃-၂၀၂၄ ရာသီအစအထိ အသင်းမှာ ဆက်လက်ရှိနေချင်ဆဲဖြစ်ပေမယ့် လက်ရှိမှာတော့ ပေါ့တားအတွက် လာမယ့် ၂ ပွဲဟာ မဖြစ်မနေ အနိုင်ရယူရမယ့်ပွဲစဉ်ဖြစ်လာပြီလို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ မတ်လ ၇ ရက်နေ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် လက်ခံမယှဉ်ပြိုင်မီ လာမယ့်စနေနေ့မှာ လိဒ်စ်ယူနိုက်တက်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။