ဂါနာချို ကျောနံပါတ် (၇) ရမယ်လို့ သတင်းထွက်ခဲ့တာပါ။

ယူနိုက်တက်ဟာ မနေ့က ချဲလ်ဆီး တိုက်စစ်ကြယ်ပွင့် မေဆင်မောင့်ကို ခေါ်ယူနိုင်ခဲ့တဲ့နောက် အသင်းရဲ့ ဂန္တဝင်ကျောနံပါတ် (၇) ကိုပါ ပေးအပ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်က ယူနိုက်တက်ပရိသတ်တွေအတွက်ရော၊ အခြားပရိသတ်တွေအတွက်ပါ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။



ယူနိုက်တက်ရဲ့ ဂန္တဝင်ကျောနံပါတ် (၇) ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရော်နယ်ဒို ထွက်ခွာသွားပြီးကတည်းက ပိုင်ရှင်မဲ့နေဆဲ ကျောနံပါတ် တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရာသီသစ်မှာတော့ ယူနိုက်တက်တို့ ကျောနံပါတ် (၇) ပိုင်ရှင်ကို ရှာဖွေတော့မယ်လို့ သတင်းတွေက ဆိုခဲ့ပြီး ကစားသမားသစ် ခေါ်ယူမလား၊ အသင်းမှာရှိပြီးသား ကစားသမားကို ပေးအပ်မလား မှန်းချက်ထုတ်ခဲ့ကြပါတယ်။


ဒါပေမယ့် ဒီနောက်ပိုင်း သတင်းတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီမှာ တန်ဟက်ခ်ရဲ့ အခွင့်အရေးပေးခြင်းကို ခံခဲ့ရတဲ့ လူငယ်ကြယ်ပွင့်လေး ဂါနာချိုကို ကျောနံပါတ် (၇) ပေးအပ်သွားမယ်လို့ အများစုက ယုံကြည်ခဲ့ကြပါတယ်။ ဂါနာချိုရဲ့ စံပြပုဂ္ဂိုလ်ကလည်း ရော်နယ်ဒိုဖြစ်တာကြောင့် ဒီကိစ္စက ဖြစ်နိုင်ခြေများပြားခဲ့တာပါ။

ဒါပေမယ့်လည်း မေဆင်မောင့် ရောက်လာချိန်မှာတော့ ကျောနံပါတ် (၇) ပေးအပ်လိုက်တာဖြစ်ပြီး ဒီအတွက် ဂါနာချို စိတ်ခုသွားမှာကို ယူနိုက်တက်ပရိသတ်တွေက ပူပန်ခဲ့ကြပါတယ်။ ဂါနာချိုကတော့ ဘာခံစားချက်မှရှိပုံမရဘဲ မေဆင်မောင့်ကို ကျောနံပါတ် (၇) ပေးလိုက်တဲ့အကြောင်း ရေးသားထားတဲ့ တွစ်တာပေါ်က ပို့စ်တစ်ခုကို Like လုပ်သွားခဲ့ပါတယ်။

ပရိသတ်တွေကတော့ “မေဆင်မောင့် ယူနိုက်တက်မှာ ကျောနံပါတ် (၇) ဝတ်ဆင်မယ့်ကိစ္စကို ဂါနာချိုက Like လုပ်ပေးခဲ့ပါတယ်။ ဒါက သူ့မှာ ဒီကျောနံပါတ် မရတာနဲ့ ပတ်သက်လို့ ဘာမှပြဿနာမရှိဘူးဆိုတာကို ရှင်းလင်းစေခဲ့တာပါပဲ။ အဲ့ဒါနဲ့များ တချို့ ယူနိုက်တက်ပရိသတ်တွေ ဘာတွေ ပြဿနာဖြစ်နေလဲ နားမလည်နိုင်ပါဘူး” လို့ ပရိသတ်တစ်ယောက်က ရေးသားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က