ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ကျောနံပါတ် (၈) က သူ့အတွက် အများကြီး အဓိပ္ပာယ်ရှိခဲ့တဲ့အကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ကျောနံပါတ် (၈) ကို ရူးသွပ်သူတယောက်ဖြစ်ပြီး အခု ရာသီသစ်မှာလည်း ယူနိုက်တက်ရဲ့ ကျောနံပါတ် (၈) ပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။
လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ မာတာက အသင်းနဲ့လမ်းခွဲခဲ့တာကြောင့် လစ်လပ်သွားတဲ့ ကျောနံပါတ် (၈) နေရာကို ဘရူနိုဖာနန်ဒက်စ်က လက်ခံဝတ်ဆင်ခွင့်ရရှိခဲ့တာပါ။ အဆိုပါပေါ်တူဂီလူမျိုးကွင်းလယ်လူဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအပါအဝင် အရင်ကလပ်အသင်းတွေမှာလည်း ကျောနံပါတ် (၈) ကို ဝတ်ဆင်ခဲ့ဖူးပါတယ်။
အခုလိုမျိုး ကျောနံပါတ် (၈) ကို ရူးသွပ်တဲ့အပေါ် ဘရူနိုဖာနန်ဒက်စ်က “ဒီကျောနံပါတ်က ကျနော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဒီကျောနံပါတ်ရဲ့နောက်မှာ သမိုင်းကြောင်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အဖေကြောင့်ပါ။ သူ ဘောလုံးကစားခဲ့တုန်းက ကျောနံပါတ် (၈) ကို ဝတ်ဆင်ကစားခဲ့တာပါ”
“နောက်တော့ သူဘောလုံးလောကကို စွန့်လွှတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် အလုပ်တခုကနေ ကမ်းလှမ်းမှုရခဲ့လို့ပါ။ အဲ့ဒီအချိန်က ကျနော်ရယ်၊ ကျနော်တို့ ညီအကိုတွေအတွက်ရယ်ကျတော့ အဖေ့အနေနဲ့ ဘောလုံးကစားတာထက် သင့်တော်တဲ့အလုပ်တခုဝင်လုပ်တာက ပိုကောင်းခဲ့ပါတယ်။ ဒီကျောနံပါတ် (၈) ကို သူနှစ်နှစ်လောက်ကြာအောင် ဝတ်ဆင်ခဲ့ပါတယ်”
“ဘာကြောင့်လဲဆိုတော့ အဖေက ဘောလုံးသမားဖြစ်ဖို့ အိပ်မက်မက်ခဲ့လို့ပါ။ ဒီတော့ ကျနော့်အိပ်မက်နဲ့လည်း နည်းနည်းလေး သက်ဆိုင်ခဲ့ပါတယ်။ B ဆိုတာက ကျနော့်အမေနာမည်ရဲ့ နောက်ဆုံးစာလုံး Borges ပါ။ F ဆိုတာက ကျနော့်အဖေနာမည်ရဲ့ နောက်ဆုံးစာလုံး Fernandes ပါ။ နံပါတ် (၈) ကတော့ ကျနော့်မွေးနေ့ပါ”
“ဒီတော့ ဒီကျောနံပါတ်က ကျနော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပြီး ကျနော့် အတိတ်အကြောင်းကို အများကြီးပြောပြနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ကျနော် ဒီနံပါတ်ကို အမြဲတမ်းဝတ်ဆင်ချင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ကျောနံပါတ် (၈) ကို မနက်ဖြန်မှာ ကစားမယ့် လီဗာပူးနဲ့ ရာသီကြိုခြေစမ်းပွဲမှာ စတင်ဝတ်ဆင်သွားမှာဖြစ်ပါတယ်။