ဝက်သားတုတ်ထိုး မြင်ရင် မနေနိုင်ကြတဲ့ အစားတစ်လိုင်းတွေအတွက် အခုလို အရာရာဈေးတက်နေတဲ့ ခေတ်ကြီးထဲမှာ တစ်ချောင်း (၅၀) ကျပ်တည်းနဲ့ အဝကြိတ်လို့ရမယ့် ဝက်သားတုတ်ထိုးဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
စားသုံးသူတွေကို ဈေးချိုချိုနဲ့ ရောင်းချင်တဲ့ သူ့ရဲ့ စိတ်ကူး
ကိုယ်တိုင်ကလည်း ဝက်သားတုတ်ထိုးဆိုတာနဲ့ မစားရ မနေနိုင်သူဖြစ်တာကြောင့် စားသုံးသူတွေကို ဈေးတန်တန်လေးနဲ့ ဝက်သားတုတ်ထိုး စိတ်ကြိုက်စားနိုင်အောင် ဆိုပြီးတော့ တစ်ချောင်း ၅၀ တန် ဝက်သားတုတ်ထိုးဆိုင်လေး ဖွင့်ဖြစ်ခဲ့တာလို့ ရောင်းချသူက ဆိုပါတယ်။
“ အစ်မကိုယ်တိုင်က ဝက်သားတုတ်ထိုးဆိုင် မြင်ရင်ကို မနေနိုင်ဘူး။ ဝင်စားရမှ ကျေနပ်တဲ့သူမျိုး၊ ဒီတော့ ကိုယ်နဲ့ ဘဝတူတွေ ရှိလောက်မှာပဲလေ ဆိုတဲ့ စိတ်ကူးနဲ့ ဖွင့်လိုက်တာပါ။ စားသုံးသူတွေကိုလည်း ဈေးနှုန်း ချိုချိုသာသာလေးနဲ့ ရောင်းချင်တာကြောင့်လည်း တစ်ချောင်း(၅၀) နဲ့ပဲ ရောင်းပါတယ်။ ဖွင့်တာကတော့ (၁) လတောင် မကြာသေးပါဘူး။ “ လို့ “ မသင်း” ဝက်သားတုတ်ထိုးဆိုင်ရှင်က ဆိုပါတယ်။
ဈေးချိုပေမယ့် အရည်အသွေးမလျော့တဲ့ ဝက်သားတုတ်ထိုး
တစ်ချောင်း ၅၀ တန် ဝက်သားတုတ်ထိုးဆိုပေမယ့် အရည်အသွေးကတော့ မလျော့ပါဘူး။စားသုံးသူတွေကို ကောင်းကောင်းမွန်မွန်စားစေချင်တဲ့အတွက် အချဉ်ရည်ကို ရေနွေးနဲ့ သေချာကျိုပြီး ငရုပ်သီး၊ နံနံပင်၊ အချိုမှုန့်၊ ဆား၊ သကြားတို့ မနည်းမများအောင် အချိုးညီညီလေး ဖော်စပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝက်သားတုတ်ထိုးရဲ့ အဓိက အသက်ဖြစ်တဲ့ ဟင်းရည်ကိုလည်း ထွေထွေထူးထူး အရသာ ထူးကဲအောင် ဖော်စပ်တာမျိုး မလုပ်ဘဲ ဆား၊ သကြားနဲ့ ပဲငံပြာရည်လေး အနည်းငယ်စီထည့်ပြီး သဘာဝအရသာအတိုင်းလေးပဲ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
တုတ်ထိုးဆိုလည်း အဆီအခေါက်တွေပဲ ရောင်းတာမဟုတ်ဘဲ ဝက်အူ၊ ကလီစာအစုံတို့ပါ ရနိုင်ပြီး ဘာပဲစားစား တစ်ချောင်း ၅၀ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်သားတုတ်ထိုးနဲ့ တွဲဖက်စားသုံးလို့ ရတဲ့ ကြာဇံကြော်၊ ဝက်ခြေထောက်စွတ်ပြုတ်၊ ဝက်ခေါင်းသုပ် စတာတွေလည်း ရောင်းချပါတယ်။
ဝက်သားတုတ်ထိုးသာမက အခြားစားစရာတွေလည်း ဈေးချိုချိုနဲ့ ရောင်းပေးနေ
ဒီဆိုင်လေးမှာ ဝက်သားတုတ်ထိုးတစ်ခုတည်းတစ်ချောင်း ၅၀ ကျပ်နဲ့ ရောင်းချတာမဟုတ်ပါဘူး။ ကြာဇံကြော်တစ်ပွဲကို ၅၀၀ ကျပ်၊ ဝက်သားနဲ့ ရောရင် (၈၀၀) ကျပ်၊ ဝက်ခေါင်းသုပ် တစ်ပွဲကို (၁,၀၀၀) ကျပ်နဲ့ ဝက်ခြေထောက် စွပ်ပြုတ်တစ်ပွဲကို (၁,၀၀၀) သတ်မှတ်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတာ တွေ့ရပါတယ်။
“ ကိုယ်က အမြတ်ယူထားတာ နည်းတဲ့အတွက် တစ်နေ့ကို ရောင်းအားကတော့ တစ်သိန်း စွန်းစွန်းပဲ ရှိပါတယ်။ တုတ်ထိုးအတွက်ကတော့ ဝက်သားပိဿချိန် တစ်နေ့ကို (၅) ပိဿာကနေ (၇)ပိဿာလောက် အထိ ရောင်းရတယ်။ အော်ဒါများရင် များသလိုပေါ့” လို့ သူက ဆိုပါတယ်။
ဆိုင်လေးအပေါ်ထားတဲ့ မသင်းရဲ့ ရည်မှန်းချက်
“မသင်း” ဝက်သားတုတ်ထိုးဆိုင်လေးဟာ ဆိုင်ဖွင့်တာ တစ်လ ဝန်းကျင်လောက်သာ ရှိသေးပေမယ့်လည်း စားသုံးသူတွေအပေါ်ထားတဲ့ မေတ္တာ၊ စေတနာတွေကြောင့် အနီးအနားတစ်ဝိုက်မှာတော့ လူသိများနေတဲ့ ဆိုင်လေးပါ။
“ ဆိုင်ရည်မှန်းချက်ကစားသုံးသူတွေ အဆင်ပြေဖို့ပါပဲ။ လာစားတဲ့ သူတွေကလည်း အချဥ်ရည်လေးကလည်း ကောင်းတယ်၊ ဟင်းရည်လေးကလည်း ကောင်းတယ်၊ တုတ်ထိုးလေးကလည်း ကောင်းတယ် ဆိုပြီး ကိုယ့်အရှေ့မှာ ချီးကျူးသွားရင်လည်း အရမ်းပျော်တာ။ ပြီးတော့ အွန်လိုင်းမှာလည်း ကောင်းတယ်ဆိုတာလေးတွေ ပြန်သိရတော့ တကယ်ကို ဝမ်းသာ မဆုံးဘူးပေါ့။ ကိုယ်တိုင်ကလည်း ဘာဆို ဘာမှ မခိုမကပ်ပဲ ရောင်းထားတာပါ။ ပြီးတော့ အစ်မက ကိုယ့်ဆိုင်လာစားတဲ့ ဗိုက်ကြီးသည် တို့ ၊ ပိုက်ဆံ မတက်နိုင်တဲ့ သူတွေဆို အလကားပဲ ကျွေးတယ်။ အလကားနေရင်းလဲ အစ်မတို့ လှူလိုက်တာလေးတွေ ရှိတယ်၊ ဒါကလည်း အစ်မ သိတဲ့ လှူနည်းတစ်မျိုးဖြစ်လို့ ပီတိလည်းဖြစ်ရတယ်။ စေတနာ ရောင်ပြန်ဟပ်တာပေါ့နော်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
“ မသင်း” ဝက်သားတုတ်ထိုးဆိုင်လေး တည်ရှိရာ
“မသင်း” ဝက်သားတုတ်ထိုးဆိုင်လေးဟာ သာကေတမြို့နယ် ၊ (၈) ဂိတ်ကားမှတ်တိုင် အနီး နဝရတ်(၄)လမ်းထိပ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ လမ်းဘေးဆိုင်လေး ဆိုပေမယ့် တစ်နေ့တစ်နေ့ ဆိုင်လာစားကြတဲ့ စားသုံးသူတွေ အပြင် ဖုန်းဆက်ပြီး အော်ဒါလှမ်းမှာကြတဲ့ စားသုံးသူတွေလည်း ရှိတာမို့ တကယ်ကို ရောင်းအားကောင်းတဲ့ ဆိုင်လေးလို့ ဆိုရမှာပါ။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည်(၁) နာရီကနေ ညနေ(၄) နာရီခွဲအထိ ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်းမှာရှိတဲ့ စားသုံးသူတွေအနေနဲ့ ဖုန်းနံပတ် ၀၉-၇၈၂၉၁၆၆၆၈ ကို ဆက်သွယ်ပြီး တစ်ရက်ကြိုတင် မှာယူနိုင်တယ်လို့ ဆိုင်ရှင်မသင်း က ပြောပါတယ်။