မာလာရှမ်းကောနဲ့ မောက်ချိုက်ကောင်းကောင်းလေးရနိုင်တဲ့ ဆိုင်လေးကိုရှာနေပါသလား။ သရုပ်ဆောင် နန်းခင်ဇေယျာ ဖွင့်ထားတဲ့ Nang Just A Taste ဆိုတဲ့ ဆိုင်လေးက တော့ မာလာရှမ်းကော ကောင်းလေးနဲ့ မောက်ချိုက်တို့ကို ရရှိနိုင်တဲ့ဆိုင်လေးပါ။
သရုပ်ဆောင်ဘဝကနေ အစားအသောက်လုပ်ငန်းကို ကူးပြောင်းခဲ့တဲ့ နန်းခင်ဇေယျာ
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန် ကဏ္ဏပေါင်းစုံက လုပ်ငန်းတော်တော်များများ ထိခိုက်သွားချိန်မှာ ဖျော်ဖြေရေးလုပ်ငန်းလည်းပါဝင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အဆိုတော်၊ သရုပ်ဆောင် တော်တော်များများဟာ သူတို့ရဲ့ အလုပ်အကိုင်တွေ ပြောင်းလဲခဲ့ရချိန်မှာ သရုပ်ဆောင် နန်းခင်ဇေယျာတစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။ နန်းခင်ဇေယျာကတော့ မာလာရှမ်းကောကို အွန်လိုင်းကနေ စတင်ရောင်းချခဲ့ပြီးနောက် စားသုံးသူတွေ၊ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် နန်းခင်ဇေယျာနဲ့ မာလာရှမ်းကောကို တွဲပြီး မြင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
“ နန်းခင်က မာလာရှမ်းကေ ာစလုပ်မယ်ဆိုတော့ သင်တန်းကိုပါ ကိုယ်တိုင်တက်ခဲ့တာ၊ နန်းခင်နာမည်နဲ့ တက်ခဲ့တာမဟုတ်ဘူး။ နာမည်ဝှက်နဲ့ တက်တယ်။ လေ့လာတယ်။ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ဆိုင်တွေ အကုန်လုံးကိုသွားစားတယ်။ သူတို့ရဲ့ အရသာလေ့လာတယ်။ သူတို့ဘယ်လို ခင်းကျင်းထားလဲ။ ဘယ်လိုရောင်းလဲ အဲဒီလိုမျိုးက အစ အကုန်လေ့လာတယ်။ အလုပ်တစ်ခုက အရမ်းခေါင်းစားတယ်။ Pressure တွေလည်းရှိခဲ့တယ်’’ လို့ သရုပ်ဆောင်နန်းခင်ဇေယျာက ဆိုပါတယ်။
အွန်လိုင်းဈေးသည်ဘဝကနေ ဆိုင်ကြီး (၂) ဆိုင်ဖွင့်နိုင်တဲ့အထိ ဖြစ်လာ
စားသုံးသူတွေရဲ့ အားပေးမှုကြောင့် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကတည်းက ရန်ကင်းမြို့နယ်မှာ Nang Just A Taste ဆိုတဲ့အမည်နဲ့ မာလာရှမ်းကောဆိုင်လေး စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အခုတော့ ဒုတိယ မြောက်ဆိုင်ခွဲကို ဇူလိုင်လအတွင်းမှာပဲ မင်္ဂလာဒုံမြို့နယ်မှာ ထပ်မံဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။
“ မင်္ဂလာဒုံဆိုင်ကတော့ ဒီနားမှာ အစားကောင်းအသောက်ကောင်းတွေကလည်း နည်းနည်းရှားတော့ အွန်လိုင်းက မှာတဲ့သူတွေကလည်း ဒီဘက်နားမှာလာဖွင့်ပါလို့ တောင်းဆိုကြတော့ လာဖွင့်တာပါ။ မာလာရှမ်းကောနဲ့ မောက်ချိုက်ကို ဒီနားကလူတွေ ပိုကြိုက်ကြတယ်။ မောက်ချိုက်ဆိုတာက ပူပူထုံထုံစပ်စပ်ကို စားရတာဖြစ်တဲ့အတွက် ပူပူလေးစားလေ အရသာပိုရှိလေဖြစ်တယ်။ ဆိုင်မှာထိုင်စားမယ်ဆိုရင် မောက်ချိုက်ကိုစားဖို့ အကြံပေးချင်ပါတယ်။ ’’ လို့ နန်းခင်ဇေယျာကဆိုပါတယ်။
တစ်ချောင်း (၂၅၀) ကျပ်နဲ့ ကြိုက်တာစားလို့ရတဲ့ ဆိုင်လေး
ဒီဆိုင်မှာတော့ မာလာရှမ်းကောနဲ့ မာလာမောက်ချိုက်ကို အမျိုးအစားစုံစုံလင်လင်နဲ့ ရနိင်ပြီး တစ်ချောင်း၂၅၀ကျပ်ကနေ ကြိုက်တာရွေးစားလို့ရနိုင်ပါတယ်။ ရွေးချယ်မစားသုံးချင်သူတွေအနေနဲ့ ပွဲသေးဆိုရင် ကြက်သားမာလာရှမ်းကောကို ၆,၀၀၀ ကျပ် ၊ မောက်ချိုက်ဆိုရင် ၇,၀၀၀၊ ၅,၀၀၀ကျပ်နဲ့ စားသုံးနိုင်ပါတယ်။ တကယ်လို့ စားသုံးသူက ( ၅,၀၀၀) ဖိုးပဲ ထည့်ပေးဆိုလည်း (၅,၀၀၀) ဖိုးထည့်ပေးပြီးချက်ပေးတယ်လို့ ဆိုပါတယ်။
အသားစုံ၊အသီးစုံနဲ့ အကင်စုံရတဲ့ ဆိုင်လေး
ပြောင်းဖူး၊ ကန်စွန်းရွက်၊ ထိုင်ဝမ်မုန်ညင်း၊ နှစ်တစ်ရာသီး ၊ ကိုးရီးယားအကင်စုံ၊ ကြက်၊ဝက်၊ အမဲ၊ ပြည်ကြီးငါး၊ ပုဇွန် စတဲ့ အမျိုးအစားစုံစုံလင်လင် ထားထားပြီး သန့်သန့်ရှင်းရှင်းလတ်လတ်ဆတ်ဆတ်နဲ့ အရသာရှိတာလေးတွေပဲ ထည့်ထားတယ်လို့ သရုပ်ဆောင် နန်းခင်ဇေယျာကဆိုပါတယ်။
“ အခုနောက်ပိုင်းဆိုရင် ကိုက်လိုက်တာနဲ့ ချိစ်လေးတွေပါတာလေးတွေလည်း မျိုးစုံထည့်ထားပေးတယ်။ ဆိုင်မှာအရောင်းရဆုံးဆိုရင် Cheese Ball တွေပေါ့။ ကိုက်လိုက်မယ်ဆိုရင် ရေဘဝဲစေ့လေးတွေပါတယ်။ ငါးအစေ့လေးတွေပါတဲ့ Cheese Ball လေးတွေလည်း ရပါတယ်။ ကြက်မဲဆိုရင်လည်း ရန်ကင်းဆိုင်မှာလည်း အရမ်းရောင်းရတယ်။ အပ်မှိုဆိုလည်း သုံးထပ်သားနဲ့ တွဲပြီးတော့ လုပ်ထားတဲ့အပ်မှိုတွေရှိတယ်။ မောက်ချိုက်မှာဆိုရင် အနှစ်ဖိုးကို ၅၀၀ ကျပ်ဖိုးပဲ ယူပြီး ကြိုက်တာ ၂၅၀ကစပြီး ရွေးချယ်ဝယ်စားလို့ရပါတယ်” လို့သရုပ်ဆောင်နန်းခင်ဇေယျာက ဆိုပါတယ်။
သန့်ရှင်းမှုကို အဓိက ဦးစားပေး
အကင်တွေ ဖြစ်တာကြောင့် တစ်ခါတစ်လေမှာ ချဉ်တာမျိုး မလတ်ဆတ်တာမျိုးဖြစ်နိုင်တဲ့အတွက် စားသုံးသူတွေက ပြောလိုက်ပြီဆိုတာနဲ့ ချက်ချင်းပြန်လုပ်ပေးပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစားအသောက်တွေအကုန်လုံးကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ် ဆိုင်ကဝန်ထမ်းလေးတွေကို အမြဲမှာထားတယ်လို့ ပြောပါတယ်။
လူငယ်တွေပျော်ဖို့နေရာလေးဖြစ်အောင် စီစဉ်ထား
နန်းခင်ဇေယျာရဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ မင်္ဂလာဒုံမြို့နယ်က မာလာရှမ်းကော၊ မာလာမောက်ချိုက်ဆိုင်လေးကို စားသုံးသူတွေ အေးအေးဆေးအေးထိုင်လို့ကောင်းအောင် နေရာထိုင်ခင်းအပြင်အဆင်ကို သေချာလေးလုပ်ပေးထားတယ်လို့ဆိုပါတယ်။
“ ဒီဆိုင်ကိုတော့ လူငယ်တွေကို အဓိက Target ထားတယ်။ လူငယ်တွေ ပျော်ဖို့နေရာ၊ အေးဆေးစကားထိုင်ပြောလို့ကောင်းတဲ့နေရာ ဖြစ်အောင် လူငယ်တွေတတ်နိုင်တဲ့ ငွေကြေးနဲ့ချိန်ပြီးဖွင့်ထားတာပါ’’ လို့ သရုပ်ဆောင်နန်းခင်ဇေယျာက ဆိုပါတယ်။
ဆိုင်ဖွင့်ချိန်နဲ့ လိပ်စာ
သရုပ်ဆောင်နန်းခင်ဇေယျာရဲ့ Nang Just A Taste ဆိုင်လေးကို ရန်ကင်းမြို့နယ်မှာ ရန်ကင်းလမ်းမ၊ ကြားမှတ်တိုင် ၊ ရန်ကင်းပန်းခြံအနီးမှာ ဖွင့်လှစ်ထားပြီး မင်္ဂလာဒုံဆိုင်ကတော့ ခရေပင်လမ်းခွဲ၊ ရာသက်ပန်ကားမှတ်တိုင်အနီးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် (၉) နာရီကနေ ည (၈) နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။