မြန်မာနိုင်ငံမှာရှိတဲ့ ရင်ဖိုလှိုက်မောဖွယ် လိုဏ်ဂူကြီးတွေပါ။

မြန်မာနိုင်ငံဟာ ရေမြေတောတောင် သဘာဝရှုခင်းတွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တာကြောင့် သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ လိုဏ်ဂူများစွာလည်းရှိကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရင်ဖိုလှိုက်မောဖွယ် လိုဏ်ဂူကြီးတွေကိုတော့ မြန်မာနိုင်ငံတောင်ဖျားပိုင်း ကရင်ပြည်နယ်မှာ ပိုအတွေ့များတတ်ပါတယ်။ကရင်ပြည်နယ်ဆိုတာ တောတောင်သဘာဝအလှအပတွေ၊ စိမ်းလန်းစိုပြေတဲ့ လယ်ကွင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ခုတော့ Duwun ပရိတ်သတ်ကြီးအတွက် ကရင်ပြည်နယ်က အထင်ကရသဘာဝလိုဏ်ဂူကြီးတွေကိုဖော်ပြပေးလိုက်ပါတယ်။




ဘုရင်ညီဂူ



ဘုရင်ညီဂူဟာဆိုရင်တော့ ဘားအံမြို့ကနေ ၁၉ကီလိုမီတာအကွာ ၊သံလွင်မြစ်အနောက်ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ဂူရဲ့ သက်တမ်းကတော့ နှစ်ပေါင်း (၉၀၀)သက်တမ်းရှိပြီး ဘုရားဆင်းတုတော်ပေါင်း(၂၈)ဆူ တည်ရှိပါတယ်။ ဘုရင်ညီဂူဟာ တောင်ကုန်းပေါ်မှာ တည်ရှိပြီး အုတ်လှေကားတွေနဲ့ အပေါ်ကို တက်ရောက်နိုင်ပါတယ်။တောင်ခြေမှာတော့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ရေပူ၊ရေအေးစိမ့်စမ်းရေအိုင်ကြောင့် ခရီးသွားများအလာများကြပါတယ်။တောင်ခြေမှာ ရေအေးပူစမ်းနဲ့ ရေအေးစမ်း ဆိုပြီး ထွက်ပေါက် နှစ်ပေါက်ရှိပါတယ်။ ဂူအဝမှာ နှစ်ကျိပ်ရှစ်ဆူဘုရားဆင်းတုတော်တွေ ရှိပြီး ဂူအတွင်းမှာ ရောင်စုံစီချယ်ထားတဲ့ ရှေးဟောင်းအုပ်ခွက်ဘုရားများစွာကိုဖူးမြော်မြင်တွေ့နိုင်ပါတယ်။ ဂူအဝမှာလည်း ဘားအံ့မြို့ရဲ့ နေဝင်ဆည်းဆာအလှအပကိုခံစားနိုင်ပါတယ်။


ဆဒ္ဒန်ဂူ



ဆဒ္ဒန်ဂူဟာ ဘားအံ့မြို့ မိုင် (၂၀)အကွာမှာ တည်ရှိပြီး ဇွဲကပင်တောင်တန်း တောင်ဘက်ဆုံးအပိုင်း သံလွင်မြစ်အရှေ့ဘက်ခြမ်းမှာ တည်ရှိပါတယ် ။ဂူမှာ ဝင်ပေါက်နှစ်ပေါက်ရှိပြီး တိုးလျှိုးပေါင်ဂူအမျိုးအစားပါ ။ ဂူအရှည်ကတော့ ၁၀၇ မီတာရှည်ပြီး ကရင်ပြည်နယ်ရဲ့ အရှည်ဆုံးဂူဖြစ်ပါတယ်။ဆဒ္ဒန်ဂူဟာ မြေပြင် အမြင့်ပေ ၃၀ခန့်ရှိပြီး ဂူအတွင်းမှာ ဗုဒ္ဓရုပ်ပွားတော် ၁၂ ဆူခန့်ရှိပြီး ကိုးထောင်ပြည့်စေတီတစ်ဆူနဲ့ လျောင်းတော်မူရုပ်ပွားတော်တစ်ဆူလည်း တည်ရှိပါတယ်။ ဂူအတွင်းဘက်မှာ စိမ်းလန်းကြည်လင်တဲ့ ရေကန်ကြီးရှိပြီး လှေစီးကာ လှည့်လည်ကြည်ရှုနိုင်ပါတယ်။ ဂူအတွင်းကနေ လှေနဲ့ ထွက်တဲ့အခါတွေ့မြင်ရတဲ့ ရှုခင်းက သာယာလှပ လွန်းတာကြောင့် ခရီးသွားတွေ အကြိုက်တွေ့စေနိုင်ပါတယ်။


ကော့ကသောင်းဂူ



‌ကော့ကသောင်းဂူဟာ ဘားအံ့မြို့တောင်ဘက် ၁ကီလိုမီတာအကွာမှာရှိတဲ့ ရှေးဟောင်းဂူပါ။ ဂူအဝကျယ်ပြီး အထဲကို ကျဉ်းသွားပြီးတော့ တစ်ဖက်ပိတ်ဂူအမျိုးအစားဖြစ်ပါတယ်။ဂူအတွင်း ဘေးဝဲယာတစ်ဖက်စီမှာ နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်တွေ ပူဇော်ထားတာကိုလည်းတွေ့ရပါတယ်။ ဂူအပေါ်ဘက်မှာ အုပ်ခွက်ရုပ်ပွားတော်တွေ ကပ်ထားပူဇော်ထားပြီး ထိုင်တော်မူရုပ်ပွားတော်များလည်း ရှိပါတယ်။ ဂူအဆုံးမှာတော့ ရှေးရဟန်းတော်တွေရဲ့ ဓာတ်တော်တွေကိုလည်းဖူးမျှော်မြင်တွေ့နိုင်ပါတယ်။ဂူအတွင်း ကျောက်စက်ပန်းဆွဲတွေနဲ့ ကျောက်စက်မိုးမျှော်တွေဟာ လှပလွန်းတာကြောင့် လာရောက်လည်ပတ်သူများကြပါတယ်။


ရသေ့ပျံဂူ


ရသေ့ပြန်ဂူဟာ ကရင်ပြည်နယ်၊ဘားအံ့မြို့၊ရသေ့ပျံကျေးရွာအနီးမှာ တည်ရှိတဲ့ သဘာဝထုံးကျောက်ဂူပါ။ ဂူအတွင်းကနေ ကောင်းကင်ကိုဖောက်ထွင်းမြင်နိုင်တဲ့ အပေါက်တစ်ပေါက်ရှိပြီး အဲဒီအပေါက်မှာ ရသေ့ရဟန်းတစ်ပါး တရားထူးရကာ တောင်ကိုဖောက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသောအပေါက်လို့ ပုံပြင်လိုလို သမိုင်းလိုလို ဖြစ်ခဲ့ရာကနေ ရသေ့ပျံဂူလို့ ခေါ်ဆိုခဲ့ကြတာပါ။ ဂူအရှေ့ဘက်နံရံ နဲ့ အတွင်းဘက်နံရံတို့မှာ အုတ်ခွက်ဗုဒ္ဓဆင်းထုတော်တွေကိုတွေ့ရပြီးရုပ်ပွားတော်တွေဟာလည်း နေရောင်ခြည် မထိတွေ့ရတဲ့ အတွက် နဂိုမူလလက်ရာ အတိုင်းဖူးမြော်မြင်တွေ့နိုင်ပါတယ်။ ရသေ့ပျံဂူထဲမှာ သမိုင်းဆိုင်ရာအချက်အလက်တွေနဲ့ အေဒီ၁၇ရာစုကရှေးဟောင်း ဘုရားဆင်းထုတော်များစွာ ကိုဖူးမြော်မြင်တွေ့နိုင်ပါတယ်။ လျောင်းတော်မူဘုရားအနောက်ဘက်မှာတော့ အထွဠ်အမြတ်ထားရာ သဘာဝရေကန် လည်းရှိပါတယ်။


ကော့ဂွန်းဂူ



ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်တွေ ပြည့်နှက်နေတဲ့ သဘာဝထုံးကျောက်လိုဏ်ဂူတစ်ဂူအဖြစ် ခရီးသွားတွေ အကြားနာမည်ကြီးတဲ့ ဂူကတော့ ‌ ကော့ဂွန်းဂူပါ။ ဘားအံ့မြို့ ကော့ဂွန်းကျေးရွာ ကော့ဂွန်းထုံးကျောက်တောင်မှာ တည်ရှိပြီး အမိုးလိုဖြစ်နေတဲ့ ကျောက်ကမ်းပါးနံရံတွေပေါ်မှာတော့ ရှေးဟောင်းအုတ်ခွက်ဆင်းတုတော်များစွာရှိပါတယ်။ ကျောက်စာ၊ရှေးမွန်အရေးအသားတွေ, မှင်စာမှတ်တမ်းတွေလည်း ရှိပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ရှေးဟောင်းကျောက်စာတွေ ကြောင့် ယဉ်ကျေးမှုတွေကို လေ့လာချင်တဲ့ ခရီးသွားဧည့်သည်တွေ အတွက် လေ့လာမှတ်တမ်းပြုဖို့ ကောင်းတဲ့ ဗုဒ္ဓပြတိုက်ကြီးသဖွယ်တည်ရှိနေတဲ့ လိုဏ်ဂူကြီးတစ်ခုလည်းဖြစ်ပါတယ်။


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။








Share

Loading Next Article...
က္က