အခုနောက်ပိုင်းမှာ ဇက်ကြောတက်ခြင်းပြဿနာတွေနဲ့ ကျီးပေါင်းရောဂါက လူကြီးပိုင်းတွေအပြင် လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေမှာပါ အဖြစ်များ ခံစားလာရတဲ့ ရောဂါပြဿနာ ဖြစ်လာပါတယ်။ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ ဖုန်းအသုံးများလာခြင်း၊ Screen Time များလာခြင်းတို့ကလည်း ဒီရောဂါပြဿနာတွေကို စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။
ကျီးပေါင်းရောဂါဆိုတာ ဘာလဲ
ကျီးပေါင်းရောဂါလို့ ပြောမယ်ဆိုရင် ပတ်ဝန်းကျင်မှာ လူတိုင်းပြောနေကြသလိုပဲ ကျီးပေါင်းဆိုတဲ့ အတိုင်း အသက်ကြီးမှ ပေါင်းဖြစ်တာကို ခေါ်တာပါ။ အသက်ကြီးလာတာတဲ့အတွက် လည်ပင်းရိုးတစ်ခုနဲ့ တစ်ခုအကြားမှာရှိတဲ့ အရည်တွေက နည်းလာပြီးတော့ အရိုးနှစ်ခုက ထိကပ်သွားပြီး အဲဒီအရိုးနှစ်ခုကြားမှာရှိတဲ့ အာရုံကြောကို ညှပ်လိုက်သလို ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ ကျီးပေါင်းရောဂါကို ခံစားလာရတာဖြစ်ပါတယ်။
Photo : Freepik
ဇက်ကြောတက်တာကစပြီး ဖြစ်လာမယ့် ကျီးပေါင်းတက်ခြင်းပြဿနာ
မိုဘိုင်းဖုန်းနဲ့ ဂိမ်းဆော့တာ၊ ဆိုရှယ်မီဒီယာသုံးတာ၊ ကွန်ပျူတာ၊လက်တော့ နဲ့အလုပ်လုပ်တာ၊ စာရေးတာ၊ တီဗီတွေ ကြည့်တာ ဒီလိုတွေ လုပ်တဲ့အခါမှာကိုယ်ရဲ့ ခန္ဓာကိုယ်ကို အနေအထားမှန်မှန်အထားတဲ့ အလေ့အကျင့်တွေက ဇက်ကြောခဏခဏ အတက်များပြီး ကျီးပေါင်းရောဂါရဲ့ အစဖြစ်လာပါတယ်။
ဇက်ကြောတက်ရင် ကြွက်သားပြေလျော့အောင် ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။
ဇက်ကြောတက်ပြီဆိုကတည်းက မပေါ့ဆသင်ပါဘူး။ သေချာလေးကုသသင့်ပါတယ်။
(၁) ကြွက်သားတင်းမာမှုကိုသက်သာစေအောင် လည်ပင်းကိုဆေးလိမ်းပါ။
(၂) အကြောလျှော့လေ့ကျင့်ခန်းတွေလုပ်ပါ။
(၃) ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။
(၄) ကိုယ်နေဟန်ထားမှန်မှန်ထိုင်ပါ။
တကယ်လို့ကိုယ်က ဇက်ကြောတက်တဲ့အဆင့်မဟုတ်တော့ဘူး။ ကျီးပေါင်းတက်တဲ့ အဆင့် ကျီးပေါင်းရောဂါဖြစ်လာပြီဆိုရင်တော့ ကုသမှုခံယူသင့်ပါပြီ။
Photo : Freepik
ဘယ်လိုနည်းလမ်းတွေနဲ့ကုသမလဲ။
(၁) အာရုံတွေ ညှပ်နေတဲ့အတွက် အရိုးနှစ်ခု ကွာသွားအောင် ပတ်ဝန်းကျင်မှာပြောကတဲ့ ခဲဆွဲကုသနည်းနဲ့ကုသပါ။
(၂) ကြွက်သားအတွင်းထဲထိ နာကျင်မှုကို သက်သာစေတဲ့ ထိရောက်တဲ့ကုသမှုဖြစ်အောင် အာထရာဆောင်းလို့ ခေါ်တဲ့ အသံလှိုင်းနဲ့ ကုသတဲ့ကုထုံး နဲ့ကုသနိုင်ပါတယ်။
(၃) အနီအောက်ရောင်ခြည်ပေးပြီး ကုသပါ။
(၄) အီလက်ထရစ်လှိုင်းပေးပြီး ကြွက်သားတွေပြေလျော့အောင်၊ ကြွက်သားနာကျင်မှုသက်သာအောင် ပြုလုပ်လို့ရတဲ့ ကုထုံးတွေနဲ့ သက်သာအောင်ကုသပါ။
(၅) အဲဒါတွေ လုပ်ပြီးဆိုရင်တော့ အဓိက ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကို မှန်အောင် အမြဲတမ်းထိန်းဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။
ကျီးပေါင်းရောဂါအလွယ်တကူဖြစ်နိုင်တဲ့ နေထိုင်မှုပုံစံများ
(၁) ဖုန်းကို ခေါင်းငုံပြီး ကြည့်ခြင်း
(၂) ကွန်ပျုတာScreen ကို ခေါင်းအရှေ့တိုးပြီး ကြည့်ခြင်း
(၃) အိပ်ရာပေါ်မှာလှဲပြီး ဖုန်းကြည့်ခြင်း၊မှောက်ခုံအနေအထားနဲ့ဖုန်းကြည့်ခြင်း
(၄) လည်ပင်းစောင်းပြီး ဖုန်းကြည့်ခြင်း
ဒီလိုမျိုး နေထိုင်မှုပုံစံတွေမှာ လည်ပင်းကြွက်သားက ပုံမှန်ထက်ပိုပြီး ကွေးနေရတဲ့အတွက် ကျီးပေါင်းရောဂါအလွယ်တကူဖြစ်ပွားနိုင်ပါတယ်။
Photo : Freepik
ကျီးပေါင်းရောဂါမဖြစ်အောင် နေထိုင်ရမယ့်ပုံစံများ
(၁) ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်မယ့်သူတွေအနေနဲ့ ဦးခေါင်း၊ကျောရိုး၊ လည်ပင်းကို တစ်ပြေးညီထားပြီး မတ်မတ်အနေအထားအတိုင်းအသုံးပြုပါ။
(၂) အိပ်ရာထဲမှာလှဲပြီး ဖုန်းမသုံးရ၊ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
(၃) ဖုန်းသုံးတဲ့အခါ ထိုင်ပြီးသုံးပါ။
(၄) ဖုန်းကို မျက်လုံးနဲ့ တစ်တန်းထားကြည့်ပါ။
(၅) ခေါင်းအုံးကို ပခုံးနားအထိ ထားပြီးအုံးပါ။
(၆) အရမ်းမြင့်လွန်းတဲ့ ခေါင်းအုံးတွေကိုအသုံးမပြုပါနဲ့။
(၇) မိနစ် (၃၀) တစ်ခါနားပြီး လည်ပင်းလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
“ ကျီးပေါင်းက မျိုးရိုးလိုက်တဲ့ ရောဂါမဟုတ်ပါဘူး။ ကိုယ်နေဟန်ထား မမှန်လို့ ဖြစ်ရတာပါ။ ထိရောက်တဲ့ကုသမှုမျိုးမလုပ်ရင် နာတာရှည် ရောဂါခံစားရနိုင်ပါတယ်”
ဖော်ပြပါသတင်းဆောင်းပါးပါးအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ အားကစားနှင့်လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအိသက်ငြိမ်းမှဆွေးနွေးအကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။