အသက် (၂၂) နှစ်အရွယ် အန်နာမာရီယာမာကိုဗစ်က သူ့ရဲ့ကစားသမားဘဝအတွက် ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို အတုယူပြီး ကြိုးစားနေတဲ့အကြောင်း ပြောကြားလာပါတယ်။ ရော်နယ်ဒိုဟာ ဘောလုံးလောကကြယ်ပွင့်တွေအတွက် လေးစားရတဲ့ စံပြပုဂ္ဂိုလ်တယောက်လည်းဖြစ်ပါတယ်။
မာကိုဗစ်ဟာ ကမ္ဘာ့အလှပဆုံးအမျိုးသမီးဘောလုံးသမားတယောက်အဖြစ် သတ်မှတ်ခံထားရပြီး ဆွစ်ဇာလန်ကလပ် ဂရပ်စ်ဟော့ပါးမှာ ကစားနေပါတယ်။ မာကိုဗစ်ရဲ့မွေးရပ်မြေက ဆွစ်ဇာလန်ဖြစ်ပေမယ့် သူ့အနေနဲ့ ခရိုအေးရှားကိုသာ လက်ရွေးစင်အဖြစ် ကိုယ်စားပြုကစားခဲ့ပါတယ်။ မာကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ခရိုအေးရှားအမျိုးသမီးလက်ရွေးစင်အတွက် ပထမဆုံးရွေးချယ်ခံခဲ့ရ၊ ပွဲထွက်ခွင့်ရခဲ့ပြီးပါပြီ။
မာကိုဗစ်ဟာ ရော်နယ်ဒိုအပြင် ခရိုအေးရှားအမျိုးသားလက်ရွေးစင် အသင်းခေါင်းဆောင် မိုဒရစ်ကိုပါ လေးစားအားကျနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ မာကိုဗစ်က “မိုဒရစ်က ကျမအတွက် လုံးဝကို ကြီးကျယ်ခမ်းနားတဲ့ စံပြပုဂ္ဂိုလ်တယောက်ပါ။ သူက ကမ္ဘာကျော်ဘောလုံးသမားတယောက်ဖြစ်ပြီး ခရိုအေးရှားကိုလည်း ကိုယ်စားပြုပါတယ်”
“အမျိုးသမီးထဲမှာလည်း ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ဘတ်ချ်မန်း (ပီအက်စ်ဂျီအမျိုးသမီးအသင်းမှာ ကစားနေ) တို့လို ကစားသမားတွေပေါ့။ ဒါပေမယ့် ကျမအတွက် လုံးဝကို အကြိုက်နှစ်သက်ရဆုံး ကစားသမားကတော့ ရော်နယ်ဒိုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းကို စည်းစနစ်ကျလို့ပါ”
“အားကစားသမားတယောက်အနေနဲ့ သူ့ရဲ့ရှိသမျှအရာအားလုံးကို အားကစားမှာပဲ ရင်းနှီးမြှုပ်နှံပြီး ရော်နယ်ဒိုလိုမျိုး ကောင်းမွန်တဲ့ခံယူချက်ရှိဖို့က အရေးအကြီးဆုံးလို့ ကျမထင်ပါတယ်။ ရော်နယ်ဒိုကိုလည်း အတုယူနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မာကိုဗစ်က သူ့ကို ကမ္ဘာ့အလှပဆုံး အမျိုးသမီး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရတဲ့အပေါ် ကျေနပ်ပျော်ရွှင်ပေမယ့် လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီး ဘောလုံးသမားအဖြစ် သတ်မှတ်ခံရတာကိုတော့ သဘောမကျဘူးလို့ ဆိုခဲ့ပါတယ်။