(၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ အပြီးသတ် ကစားသမားစာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ အာဆင်နယ် တိုက်စစ်ကစားသမား မာတီနယ်လီက ဘရာဇီးနိုင်ငံမှာ သူ့ကို ဘယ်သူမှန်း မသိကြဘူးလို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
မာတီနယ်လီဟာ ဘရာဇီးလက်ရွေးစင်အသင်းကြီးအတွက် (၃) ပွဲသာ ကစားပေးထားရပေမယ့် အာဆင်နယ်မှာ ဒီရာသီ ပြသနေတဲ့ ခြေစွမ်းကောင်းတွေကြောင့် ကမ္ဘာ့ဖလားကို သွားရောက်ခွင့်ရရှိခဲ့ပါပြီ။ ဒါပေမယ့် ဒီအပေါ်မှာ ဝေဖန်မှုတွေရှိနေပါတယ်။
ဘရာဇီးကြယ်ပွင့်ဟောင်း နီတိုကလည်း ကိုပါလီဘာတေးဒိုးစ် ချန်ပီယံ ဂါဘီဂိုးလ်ကို မရွေးဘဲ မာတီနယ်လီကို ရွေးချယ်တာက ဟာသဖြစ်ပြီး ဘောလုံးလောကအပေါ် လေးစားမှုမရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒီအပေါ်မှာ မာတီနယ်လီက “ကျနော့်အထင် ဒီလိုဝေဖန်မှုတွေက သာမန်ပါပဲ။ ဘရာဇီးမှာ အချို့က ကျနော့်ကို ဘယ်သူမှန်း မသိကြပါဘူး”
“ဒီတော့ အခြားကစားသမားတယောက်က ကျနော့်ထက် လက်ရွေးစင်မှာ ပါဝင်ခွင့်ရဖို့ ပိုမိုထိုက်တန်လို့ ပြောကြတာ သဘာဝပါပဲ။ ဒါပေမယ့် ကျနော်ကတော့ ဒီကိစ္စတွေအပေါ်မှာ အေးအေးဆေးဆေးပါပဲ။ ကလပ်အသင်းမှာ ကျနော် ဘာတွေလုပ်ပြနေတယ်ဆိုတာရယ်၊ ကျနော့်စွမ်းဆောင်ရည်ရယ်၊ ဘာတွေလုပ်နိုင်ဦးမလဲဆိုတာတွေရယ်ကို ကျနော် သိထားပြီးသားပါ”
“ဘရာဇီးလက်ရွေးစင်အသင်းအတွက်လည်း သေချာပေါက် အကောင်းဆုံး ပေးဆပ်မှာဖြစ်ပြီး အသင်းအတွက် ကူညီလို့ရတာ အကုန် ကူညီသွားမှာပါ။ ဒါက ကျနော့်အတွက် ကြီးကျယ် ခမ်းနားတဲ့ အတွေ့အကြုံတခုဖြစ်လာမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။