ပိုက်ဆံကြောင့် ပီအက်စ်ဂျီမှာ ဆက်ရှိနေတာမဟုတ်ဘဲ အားကစားစီမံကိန်းတွေကြောင့် စာချုပ်သစ်ချုပ်ဆိုခဲ့ရတာဖြစ်တယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီက ပြောဆိုလိုက်ပါတယ်။ ဘတ်ပီဟာ ရီးရဲလ်ကို ပြောင်းရွှေ့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ချိန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး များပြားလှတဲ့ ခံစားခွင့်တွေကြောင့် ရွေးချယ်ခဲ့တာလို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။
ဒါပေမယ့် အသင်းရဲ့ အားကစားစီမံကိန်းတွေက ငွေထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘတ်ပီက ပြောဆိုခဲ့ပါတယ်။ ပြင်သစ်လီဂူးရွှေဖိနပ်ဆုကို ရရှိခဲ့တဲ့ ဘတ်ပီက သတင်းတွေထွက်နေသလိုမျိုး အသင်းခေါင်ေးဆာင် ရာထူးကိုလည်း သူရယူမှာမဟုတ်ဘဲ မာကွင်ဟို့စ်ကသာ အသင်းခေါင်းဆောင်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ပြီးခဲ့တဲ့ တပတ်က ကျနော်ဆုံးဖြတ်ချက်ချခဲ့တာပါ၊ ပီရက်ဇ်နဲ့လည်း စကားပြောခဲ့ပါတယ်၊ သူနဲ့ ရီးရဲလ်အပေါ် ကျနော်လေးစားမှုရှိတယ်၊ ကျနော့်ကိုခေါ်ယူနိုင်ဖို့ သူတို့နည်းလမ်းအားလုံးသုံးခဲ့ပြီး ဒီအတွက် ကျနော်ကျေးဇူးတင်ပါတယ်၊ ကျနော်က ပြင်သစ်တယောက်ပါ၊ ဒီမှာဆက်နေချင်ပြီး ပြင်သစ်ကို ထိပ်ဆုံးရောက်အောင်၊ ဒီအသင်းကို ထိပ်ဆုံးရောက်အောင်နဲ့ လိဂ်တိုးတက်လာအောင် လုပ်ချင်ပါတယ်"
"ပြီးခဲ့တဲ့နှစ်က ကျနော်ထွက်သွားချင်တယ်ဆိုတာ လူတိုင်းသိပါတယ်၊ ဒါပေမယ့် အခုတော့ ကွဲပြားတဲ့အရာတွေရှိနေပါတယ်၊ ကျနော့်နိုင်ငံကနေ ထွက်သွားတာက မဟုတ်သေးဘူး၊ ပြီးတော့ အားကစားစီမံကိန်းတွေလည်း ပြောင်းသွားတယ်၊ အဲဒီအကြောင်းကို လနဲ့ချီပြီး စကားပြောအပြီးမှာမှ ပိုက်ဆံအကြောင်း အချိန်နည်းနည်းပဲပြောခဲ့တာပါ၊ ကျနော်တို့ ချန်ပီယံလိဂ်လိုချင်တယ်၊ ဒီထက်မက အောင်မြင်မှုတွေလည်းရချင်လို့ပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
သူ့အနာဂတ်နဲ့ပတ်သက်ပြီးလည်း ဘတ်ပီက "အနာဂတ်ကို ဘယ်သူက ကြိုသိမှာလဲ။ အနာဂတ်အကြောင်း ကျနော်မတွေးဘူး၊ လက်ရှိနဲ့ ပီအက်စ်ဂျီအတွက်ကစားပေးရမယ့် ၃ နှစ်အတွက်ပဲ ကျနော်စဉ်းစားထားတယ်" လို့ ထပ်ပြောသွားခဲ့ပါတယ်။