ဗီအဲရာက ရွိုင်ကိန်းနဲ့ပတ်သက်လို့ ပြောကြားလာတာပါ။

လက်ရှိခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်ဂန္တဝင်ဟောင်း ပက်ထရစ်ဗီအဲရာက သူ့အနေနဲ့ ရွိုင်ကိန်းရဲ့ဂျာစီကို လက်ဖျားနဲ့တောင် မတို့ချင်ခဲ့ဘဲ ရွိုင်ကိန်းထက်လည်း သူက ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရွိုင်ကိန်းနဲ့ ပထမဆုံးရင်ဆိုင်ခဲ့ရတဲ့ပွဲမှာတင်ပဲ နောက်ပွဲတိုင်း ရန်ဖြစ်ရတော့မယ်ဆိုတာကို ကြိုသိခဲ့ကြောင်း ပြောပါတယ်။



ဗီအဲရာနဲ့ရွိုင်ကိန်းတို့နှစ်ယောက်ဟာ အာဆင်နယ်နဲ့ယူနိုက်တက်အသင်းခေါင်းဆောင်တွေအဖြစ် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတာပါ။ ဒီကစားသမားနှစ်ယောက် ထိပ်တိုက်တွေ့တဲ့ပွဲက တကယ့်ပွဲကြီးပွဲကောင်းဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ခေတ်ဦးပရိသတ်တွေအတွက်တော့ မမေ့နိုင်စရာ အားပြိုင်မှုအဖြစ်လည်း သတ်မှတ်ခံထားရဆဲပါ။

ကစားသမားဘဝက အနားယူခဲ့သည့်တိုင် နှစ်ယောက်အကြားမှာ အားပြိုင်မှုအကြွင်းအကျန်တွေ ကျန်ရစ်ခဲ့ပြီး ဒီအကြောင်းကို ဗီအဲရာက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဗီအဲရာက “ကျနော် ရွိုင်ကိန်းဂျာစီကို လက်ဖျားနဲ့တောင် မထိချင်ပါဘူး။ အဲ့ဒါကြောင့်လည်း ကျနော့်ကို BT Sports က ရိုက်ကူးရေးအတွက် ရွိုင်ကိန်းဂျာစီတွေ လိုက်ပြတုန်းက ကျနော့်လက်ကို အိတ်ကပ်ထဲထည့်ထားတာပေါ့။ ရွိုင်ကိန်းနဲ့ ပထမဆုံးပွဲတွေ့ပြီးတည်းက ကျနော်တို့ နောက်တွေ့တဲ့ပွဲတိုင်း ရန်ဖြစ်ပြီဆိုတာကို ကောင်းကောင်းကြီး သိခဲ့ပြီးသား”

“ဒီတော့ သူကွင်းထဲမှာရှိတာကို ကျနော် သဘောကျခဲ့သလို လေးလည်းလေးစားခဲ့ပါတယ်။ ရွိုင်ကိန်းက ခေါင်းဆောင်တယောက်ဖြစ်ခဲ့ပါတယ်။ အသင်းကို မောင်းနှင်ခဲ့ပြီး သူနဲ့အပြိုင်ရှိနေဖို့ ကစားသမားတွေကို စိန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်က သူ့ထက်အများကြီး ပိုကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါအမှန်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က