ယူနိုက်တက်နဲ့ လက်ရှိနွေရာသီမှာ လမ်းခွဲသွားပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ မာတာက အသင်းဖော်ဟောင်း ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး နောက်ပြောင်ပြောကြားလိုက်ပါတယ်။ မာတာ အသင်းကနေ ထွက်သွားတဲ့နောက် ဘရူနိုဖာနန်ဒက်စ်က မာတာရဲ့ ကျောနံပါတ် (၈) ကို လွှဲပြောင်းဝတ်ဆင်တော့မှာပါ။
ဒီကျောနံပါတ်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ စိတ်ကြိုက်ကျောနံပါတ်ဖြစ်ပါတယ်။ ဒါပေမယ့် သူ အသင်းကို ရောက်လာချိန်မှာ မာတာက ဒီကျောနံပါတ်ကို ဝတ်ဆင်ထားတာကြောင့် ပေါ်တူဂီကွင်းလယ်လူက ကျောနံပါတ် (၁၈) ကိုသာ ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။ မာတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးတုန်းကလည်း ဘရူနိုဖာနန်ဒက်စ်က သူ့စိတ်ကြိုက်ကျောနံပါတ်ကိုရဖို့ နောက်ထပ်တနှစ်ထပ်စောင့်ရဦးမယ်လို့ နောက်ပြောင်ခဲ့ပါသေးတယ်။
အခုတခါမှာတော့ ဘရူနိုဖာနန်ဒက်စ်က ကျောနံပါတ် (၈) ကို တရားဝင်ဝတ်ဆင်ခွင့်ရရှိသွားခဲ့ပြီး လာမယ့် ဇူလိုင် (၁၂) မှာ ကစားမယ့် လီဗာပူးနဲ့ ရာသီကြိုခြေစမ်းပွဲမှာ စတင်ဝတ်ဆင်တော့မှာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်၊ မာတာ၊ ဒီဂီယာတို့အကြား ကွင်းတွင်းကွင်းပြင်မှာ ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိကြပါတယ်။
ဘရူနိုဖာနန်ဒက်စ် ကျောနံပါတ် (၈) ကို ဝတ်ဆင်မယ့်အကြောင်း ယူနိုက်တက်ရဲ့ တရားဝင်တွစ်တာအကောင့်မှာ တင်ထားတဲ့ဗီဒီယိုကတဆင့် ဒီဂီယာက “မာတာရေ... မင်းပြောစရာလေးများရှိဦးမလား” လို့ စတင်နောက်ပြောင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ မာတာက “ငါတို့အတူတူ ကစားခွင့်မရဘူးဆိုတာ သိလိုက်တဲ့နေ့တုန်းက သူဝမ်းနည်းခဲ့တယ်ဆိုပြီး ငါ့ကိုပြောသေးတယ်”
“ဒါပေမယ့် ငါ့အထင် ဒီကောင်အတော်လေးပျော်နေမှာကွ” လို့ ပြန်လည်တုံ့ပြန်ရင်း နောက်ပြောင်သွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ကျောနံပါတ် (၈) ကို ရူးသွပ်တဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့လက်ဖျံမှာလည်း နံပါတ် (၈) ဂဏန်းကို တက်တူးရေးထိုးထားပါသေးတယ်။