အနားယူဖို့ကိစ္စကို သူပဲ ဆုံးဖြတ်မယ်လို့ ပြောဆိုခဲ့တာပါ။

မြောက်မက်ဆီဒိုးနီးယားနဲ့ ပွဲအတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူအနားယူမယ့်အကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့မှုကို ရော်နယ်ဒိုက ပယ်ချသွားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်က ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးနေဆဲဖြစ်ပါတယ်။ 

သူ့ကို ကစားသမားဘ၀က အနားယူဖို့နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ရော်နယ်ဒိုက "ကျနော့်အနာဂတ်ကို ကျနော်ကိုယ်တိုင်ပဲ ဆုံးဖြတ်သွားမှာပါ၊ ဘယ်သူမှ လာဆုံးဖြတ်လို့မရပါဘူး၊ ကျနော်ဆက်ကစားနိုင်သေးတယ်လို့ ခံစားရရင် ကျနော်ဆက်ကစားနေမှာပဲ၊ ကျနော်က ဘော့စ်ပဲ၊ က​ျနော်ပဲ ဆုံးဖြတ်မယ်၊ ဒီဇာတ်လမ်းပြီးပြီနော်" လို့ ပြတ်ပြတ်သားသားပဲ တုံ့ပြန်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် နိုင်ငံတကာပွဲပေါင်း ၁၈၅ ပွဲအထိ ကစားပေးခဲ့ပြီး ၁၁၅ ဂိုးအထိ သွင်းယူပေးထားခဲ့ကာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမာအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားသမ္မတက သူ့ကို စိန်ခေါ်စကားဆိုခဲ့မှုနဲ့ပတ်သက်ပြီးလည်း ရော်နယ်ဒိုကို မေးမြန်းခဲ့ရာမှာတော့ သူက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

"မက်ဆီဒိုးနီးယားက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်တို့ကိုတော့ သူတို့ အံ့အားသင့်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး၊ ပေါ်တူဂီက ပိုပြီးတော့ကောင်းမွန်ပြီး ကမ္ဘာ့ဖလားကို အရောက်သွားပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒီပွဲကိုတော့ မနက်ဖြန်မှာ ကစားသွားမှာဖြစ်ပြီး ဘယ်အသင်းက ကာတာကိုအရောက်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ 

ရော်နယ်ဒိုဟာ တူရကီနဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပေမယ့်လည်း ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲမှာလည်း အဓိကကစားသမားအဖြစ် ပွဲထွက်လာမှာဖြစ်ကာ သူ့ရဲ့သွင်းဂိုးတွေနဲ့ ပေါ်တူဂီကို ကမ္ဘာ့ဖလားဆီပို့ဆောင်ပေးနိုင်မယ်လို့ ပရိသတ်တွေက​ မျှော်လင့်နေကြပါတယ်။ 

Share

Loading Next Article...
က္က