ရာသီကြိုခြေစမ်းပွဲတွေနဲ့ နည်းပြတန်ဟက်ဂျ်လက်အောက်မှာ ပထမဆုံးပွဲအဖြစ်နဲ့ ဗယ်လက်ကာနိုနဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ပွဲမပြီးခင်မှာပဲ အိုးထရက်ဖို့ဒ်က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒုတိယပိုင်း ပွဲချိန်အစောပိုင်းမှာပဲ လူစားလဲခံခဲ့ရပြီး ပထမပိုင်းတပိုင်းလုံးမှာ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရကာ ဘောလုံးထိချက် ၅ ကြိမ်သာရှိခဲ့ပြီး အသင်းဖော်လူငယ်လေးတွေနဲ့ ဘယ်လိုမှ တွဲဖက်ကစားလို့ အဆင်မပြေဖြစ်ခဲ့ရပါတယ်။
တန်ဟက်ဂျ်ရဲ့ နည်းစနစ်တွေအောက်မှာ ပထမဆုံးအကြိမ်ကစားရတာ၊ လူငယ်ကစားသမားတွေနဲ့ တွဲဖက်ပေးခံထားရတာတွေက သူ့ကို ခြေစွမ်းမပြစေနိုင်ခဲ့တာဖြစ်တယ်လို့လည်း ပရိသတ်တချို့က သုံးသပ်ခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ နည်းပြတန်ဟက်ဂျ်က ကစားသမားတွေကို ညွှန်ကြားနေချိန် ရော်နယ်ဒိုနဲ့ သိပ်အဆင်မပြေတဲ့ဟန်မျိုးကိုလည်း မြင်တွေ့ခဲ့ရလို့ ပေါ်တူဂီသားရဲ့ အသင်းကထွက်ချင်စိတ်တွေက ပိုပြီးတိုးလာမယ်လို့လည်း ယူဆရပါတယ်။
ဒါပေမယ့် ပွဲအပြီးမှာတော့ ရော်နယ်ဒိုက သူ့ရဲ့လူမှုကွန်ယက်ပေါ်ကတဆင့် "ပြန်ကစားရလို့ ပျော်ရွှင်ရပါတယ်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ပရိသတ်တွေက ကျေနပ်နေကြပြီး ရော်နယ်ဒိုတယောက် အသင်းမှာဆက်ရှိနေတော့မှာလားလို့လည်း ကိုယ်စီတွေးလုံးထုတ်ကာ ကစားသမားဘက်က ပရိသတ်တွေကို မက်ဆေ့ချ်ပို့လိုက်တာလို့လည်း မှတ်ယူနေကြပါတယ်။
အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာဖို့အတွက် အခုအချိန်ထိ တောင်းဆိုထားဆဲဖြစ်ပြီး သူ့အနာဂတ်က မရေမရာ၊မသေမချာဖြစ်နေဆဲပါ။ တန်ဟက်ဂျ်နဲ့ ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို မရောင်းချဘူးလို့ အခိုင်အမာပြောဆိုထားပေမယ့်လည်း လက်ရှိအချိန်ထိတော့ ကစားသမားက အသင်းမှာဆက်ရှိနေမယ်ဆိုတဲ့ အာမခံချက်မျိုးကို မပေးနိုင်သေးပါဘူး။
ရော်နယ်ဒိုအနေနဲ့ မနေ့ကပွဲမှာ အသင်းကစားပုံကို တော်တော်လေးစိတ်ပျက်နေခဲ့တယ်လို့ယူဆရပြီး သူ့အတွက် အခွင့်အရေးတွေ မဖန်တီးပေးနိုင်တာကလည်း ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ တဖက်က ပြန်တွေးရင်တော့ လူငယ်ကစားသမားတွေ၊ ကစားသမားသစ်တွေနဲ့ တွဲဖက်ကစားရလို့ တွေးနိုင်ပေမယ့် ပေါ်တူဂီသားရဲ့ စိတ်ပျက်နေတဲ့ပုံစံကတော့ ဖုံးကွယ်ထားလို့မရနိုင်အောင် ရှိနေခဲ့ပါတယ်။