ဘရိုက်တန် နည်းပြ ဂရေဟမ်ပေါ်တာက ဒီကနေ့ညမှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမတိုင်ခင် ပြိုင်ဘက် တိုက်စစ်မှူး ရော်နယ်ဒိုကို အရမ်းအထင်ကြီးတဲ့ အကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ်မှာ အမှတ်မလိုအပ်တော့တဲ့ အသင်းတသင်းပါ။
ယူနိုက်တက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် အသက်ငွေ့ငွေ့ရှိသေးတယ်ဆိုပေမယ့် ပြိုင်ဘက်တွေရဲ့ အခြေအနေတွေကို စောင့်ကြည့်နေရတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အတွက် ဂိုးတွေဆက်တိုက်သွင်းပေးထားသလို ယူနိုက်တက်ရဲ့ ဒီရာသီ ထိပ်သီးဂိုးသွင်းရှင်လည်းဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင်မှာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာက “ရော်နယ်ဒိုရဲ့ ကစားပုံ၊ အသင်းအပေါ် သူ့ရဲ့ကူညီပုံတွေနဲ့ ပတ်သက်လို့ ကျနော် အရမ်းအထင်ကြီးပါတယ်။ ဂိုးတွေ သွင်းတာ၊ လှုပ်ရှားတာတွေက ကောင်းမွန်ပြီး တောင်ပံကနေ ဗဟိုတိုက်စစ်ကစားသမားအဖြစ် သူ့ရဲ့ ကစားသမားဘဝ တိုးတက်လာတာကိုလည်း ခင်ဗျားမြင်မှာပါ”
“နောက်ပြီး အသင်းကို သူ ဘယ်လိုကူညီနေလဲဆိုတာရောပေါ့။ သူ အခုထက် ပိုပြီး မငယ်ရွယ်နိုင်တော့တာ သိပ်ဟုတ်တာပေါ့။ ဒါပေမယ့် သူ့ရဲ့ဦးနှောက်နဲ့ ဘောလုံးအပေါ် နားလည်နိုင်စွမ်းက ကျန်ပါသေးတယ်။ သူ့ရဲ့ အဆုံးသတ်စွမ်းရည်ကလည်း တကယ်ကောင်းပါတယ်”
“ရော်နယ်ဒိုနဲ့ ရင်ဆိုင်ရတာက ကျနော်တို့ရဲ့ ကစားသမားတွေအတွက် တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အတွေ့အကြုံဖြစ်ပြီး သူ ကျနော်တို့ရဲ့ အိမ်ကွင်းမှာ ခြေစွမ်းမပြဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ရဲ့ ပထမအကျော့မှာတော့ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ဂိုးတွေနဲ့ ယူနိုက်တက်က အနိုင်ရရှိခဲ့ပါတယ်။
အဲ့ဒီပွဲမှာ ရော်နယ်ဒို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကလည်း သူ့ရဲ့ ငယ်မူပြန်ခြေစွမ်းကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၂၄) ဂိုး သွင်းယူပေးထားပါတယ်။ လာမယ့်ရာသီမှာ ရော်နယ်ဒိုတယောက် အသင်းမှာဆက်ရှိဖို့ မသေချာပေမယ့် နည်းပြသစ် အဲရစ်တန်ဟက်ခ်ကတော့ ရော်နယ်ဒိုကို အသင်းမှာဆက်မထိန်းထားရင် ရူးမိုက်ရာကျကြောင်း ပြောဆိုထားတယ်လို့ သိရှိရပါတယ်။