မော်ရင်ဟိုတယောက် ဆွန်ဟောင်မင်အတွက် ပေါက်ကွဲခဲ့တာပါ။

ရိုးမားနည်းပြမော်ရင်ဟိုက ဆွန်ဟောင်မင်တယောက် ပရီးမီးယားလိဂ်မှာ မမျှမတ ဆက်ဆံခံနေရတယ်လို့ ယုံကြည်နေပြီး သူ့နေရာမှာသာဆိုရင် အခုချက်ချင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ထွက်သွားနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုဟာ စပါးနည်းပြဟောင်းတယောက်ဖြစ်ပြီး ဆွန်ဟောင်မင်နဲ့လည်း လက်တွဲခဲ့ဖူးသူပါ။



ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပင်နယ်တီသွင်းဂိုးမပါဘဲ သွင်းဂိုး (၂၃) ဂိုးနဲ့ ဂိုးသွင်းဘုရင်ဆုကို လီဗာပူးတိုက်စစ်ကစားသမား ဆာလာနဲ့ ပူးတွဲရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆွန်ဟောင်မင်က PFA ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မပါဝင်ခဲ့ပါဘူး။

ဒါ့အပြင် မနေ့က ထုတ်ပြန်လိုက်တဲ့ PFA တနှစ်တာအကောင်းဆုံးအသင်းမှာတောင် ဆွန်ဟောင်မင်ကို ထည့်သွင်းရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ ဒီလိုမျိုး ဆွန်ဟောင်မင်အပေါ် ပြုမူပုံတွေအတွက် မော်ရင်ဟိုတယောက် ခံပြင်းနေပြီး အခုလိုပဲ ပြောကြားခဲ့တာပါ။ မော်ရင်ဟိုက “ကျနော်သာ ဆွန်ဟောင်မင်ဆို အခုချက်ချင်း ပရီးမီးယားလိဂ်က ထွက်သွားနိုင်ပါတယ်”

“သူက ပင်နယ်တီသွင်းဂိုးမပါဘဲ ရွှေဖိနပ်ဆုရခဲ့တာတောင်မှ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းမှာ မပါဝင်နိုင်ခဲ့တဲ့အတွက် ကျနော်သူ့အတွက် ဝမ်းနည်းမိပါတယ်။ အခုချိန်မှာ ကျနော် ဆွန်ဟောင်မင်အတွက် ငိုတောင် ငိုချင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ ဘယ်လောက်ကောင်းတယ်၊ ဘယ်လောက်ကြိုးစားတယ်ဆိုတာကို ကျနော် သိလို့ပေါ့”

“သူက ဂိုးတွေကို လွယ်လွယ်လေးသွင်းခဲ့တာမဟုတ်ပါဘူး။ ဆွန်ဟောင်မင်က လူတွေရဲ့ အာရုံစူးစိုက်မှုကိုရဖို့၊ ပရီးမီးယားလိဂ်အတွက် စပွန်ဆာတွေရဖို့ ထိပ်တန်းဂိုးတွေ သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဆွန်ဟောင်မင်ကို သူတို့ ဒီပုံစံနဲ့ ကျေးဇူးဆပ်လိုက်ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က