အီတလီဂန္တဝင်နောက်ခံလူဟောင်းကြီး နက်စတာက သူ့ရဲ့အကောင်းဆုံးအချိန်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ရပ်တန့်ပစ်နိုင်စွမ်းရှိကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ဟာလန်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ မန်စီးတီးအတွက် ဂိုးမသွင်းနိုင်တဲ့ပွဲတပွဲတည်းသာရှိခဲ့တာပါ။ အဲ့ဒီပွဲကတော့ တန်းတက်ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ပွဲပါ။
ဒါပေမယ့် အဲ့ဒီပွဲမှာတောင် ဟာလန်းက အသင်းဖော် ဂွန်ဒိုဂန် ဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ် (၈) ပွဲကစားပြီးချိန်မှာ (၁၄) ဂိုး၊ ချန်ပီယံလိဂ် (၃) ပွဲ ကစားပြီးချိန်မှာ (၅) ဂိုးသွင်းယူပေးထားပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုးက (၁၉) ဂိုးအထိ ရှိနေပါပြီ။
ဒီလိုမျိုးဟာလန်းကို ပရီးမီးယားလိဂ်မှာ ကစားခွင့်ပိတ်ပင်ဖို့ ပြိုင်ဘက်အသင်းပရိသတ်တွေက လက်မှတ်ထိုးတောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။ ဟာလန်းကို တားဆီးဖို့အတွက်လည်း ဘယ်နောက်ခံလူကမှ မတတ်နိုင်တော့ဘူးလို့လည်း ပရိသတ်တွေက ယုံကြည်နေကြပါတယ်။ ဒါပေမယ့် နက်စတာကတော့ သူ့အနေနဲ့ ဟာလန်းကို တားဆီးနိုင်စွမ်းရှိကြောင်း ပြောကြားလာပါတယ်။
နက်စတာက “ကျနော် ဟာလန်းနဲ့ ယှဥ်ကစားနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်က ရော်နယ်ဒိုကြီးနဲ့လည်း ရင်ဆိုင်ခဲ့ဖူးတယ်လေ။ ဟာလန်းက အရမ်းကိုကောင်းတဲ့ တိုက်စစ်မှူးပါ။ ဒါပေမယ့် ရော်နယ်ဒိုကြီးနဲ့တော့ ကွဲပြားခြားနားမှုတွေရှိပါတယ်။ ကျနော် မက်ဆီ၊ စီရော်နယ်ဒို၊ ရော်နယ်ဒိုကြီးတို့နဲ့လည်း တွဲကစားခဲ့ဖူးပါတယ်။ ကျနော့်အတွက် သူတို့အားလုံးက ကွဲပြားခြားနားပါတယ်”
“ဟာလန်းနဲ့သာ ရင်ဆိုင်ရမယ်ဆိုရင် ကျနော်က သူနဲ့ အမြဲတမ်း အနီးကပ် လူကပ်ကစားဖို့ ကြိုးစားရမှာပါ။ သူ ပြေးဖို့ ကြိုးစားပြီဆိုတာနဲ့ ကျနော်က သူ့ကို တားဆီးကောင်းတားဆီးရပါမယ်။ ဟာလန်းကို နေရာလွတ်တွေ အများကြီး သွားပေးရင်တော့ ခင်ဗျားတို့ သေပြီပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။