ဆောက်သမ်တန်ကို သရေကျခဲ့ပြီး အမှတ်ပေးဖလားအတွက် စိုးရိမ်စရာအခြေအနေတွေ ဖြစ်လာပြီးနောက် အာဆင်နယ်တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်က သူတို့အသင်းဟာ ချန်ပီယံအတွေ့အကြုံမရှိတဲ့ အသင်းဖြစ်တာကြောင့် အခုလိုမျိုး ရင်ဆိုင်နေရတာလို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ၃-၃ သရေကျခဲ့ပြီး ဆုဖလားအတွက် တော်တော်လေးစိုးရိမ်စရာကောင်းသွားခဲ့တာပါ။
ပွဲချိန်အစောပိုင်းကတည်းက ၂ ဂိုးပေးခဲ့ရပြီး အာဆင်နယ်တို့ နောက်ကလိုက်ကစားခဲ့ရကာ ပွဲပြီးခါနီးပြန်ရတဲ့ ချေပဂိုးတွေကြောင့်မို့ တမှတ်ရခဲ့တာပါ။ ဒါပေမယ့် အိမ်ကွင်းမှာ သရေကျခဲ့တာက အရေးနိမ့်သလိုမျိုး ဖြစ်ခဲ့ရပြီး မန်စီးတီးကို အခွင့်အရေးတွေ ပေးလိုက်သလိုဖြစ်သွားခဲ့ကာ သူတို့ရဲ့ တရာသီလုံးကြိုးစားခဲ့မှုတွေက အချည်းနှီးဖြစ်ဖို့ နီးစပ်လာခဲ့ပါတယ်။
ပွဲအပြီးမှာ ဂျီးဆပ်က "ပရီးမီးယားလိဂ်က အရမ်းခက်ခဲပါတယ်၊ ကျနော်တို့ ဒီရာသီမှာ အများကြီးလုပ်ပြနိုင်ခဲ့ပြီး အဲဒါတွေက မပြီးဆုံးသေးပါဘူး၊ ကျနော်တို့ မန်စီးတီးကို ၅ မှတ်ဖြတ်ထားတုန်းပါ၊ သူတို့က နှစ်ပွဲကစားဖို့ ကျန်နေသေးပေမယ့် ကျနော်တို့ ချန်ပီယံဖြစ်ချင်ရင်တော့ သူတို့နဲ့ကစားရမယ့်ပွဲကို အနိုင်ယူရမှာပါ၊ ဒါပါပဲ"
"ကျနော်တို့အသင်းက ချန်ပီယံအတွေ့အကြုံနည်းပါးပါတယ်၊ လူငယ်ကစားသမားတွေများပြားတဲ့ ငယ်ရွယ်နုပျိုတဲ့ အသင်းပါ၊ ဒါတွေက ဆင်ခြေပေးနေတာမဟုတ်ပါဘူး၊ တခါတလေမှာ မှန်ကန်တာတွေလုပ်နိုင်မယ်၊ တခါတလေ အမှားတွေလုပ်မိပါလိမ့်မယ်၊ လူတိုင်းအမှားလုပ်မိပါတယ်၊ ဒါကြောင့် အရေးအကြီးဆုံးက အတူတကွရှိနေဖို့ပါပဲ၊ ဘာမဆိုဖြစ်လာနိုင်ပါတယ်။ နောက်ဆုံး ၃ ပွဲအတွက် ကျနော်တို့ မပျော်ရွှင်ခဲ့ရပါဘူး"
"ဆုဖလားအတွက် ကျနော်တို့ရှိနေတုန်းပါ၊ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ရပါလိမ့်မယ်၊ ဒါက ပရီးမီးယားလိဂ်ပါ၊ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ဆိုတာက အရမ်းခက်ခဲပါတယ်" လို့ ဂျီးဆပ်က ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးထက် တပွဲပိုကစားပြီး ၈ မှတ်ဖြတ်ထားတဲ့အနေအထားကနေ အခုတော့ ၂ပွဲပိုကစားပြီး ၅ မှတ်သာ ဖြတ်တောက်ထားနိုင်တော့တာဖြစ်ပါတယ်။