ရှုံးပွဲအတွက် ရှာခါတယောက် တော်တော်လေးဒေါသထွက်နေပုံပါပဲ။

အာဆင်နယ်အသင်းကွင်းလယ်လူရှာခါကတော့ နယူးကာဆယ်ကို အရေးနိမ့်ခဲ့အပြီးမှာ သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်မပြောနဲ့ ယူရိုပါလိဂ်နဲ့တောင် မတန်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ စိန့်ဂျိမ်းပတ်မှာ နယူးကာဆယ်ကို ဆိုးဆိုးရွားရွားအရေးနိမ့်ခဲ့အပြီး အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က မရှိသလောက်နည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ 

ရာသီပိတ်ပွဲမှာ စပါးက တန်းဆင်းပြီးသား နော်ဝှစ်ချ်နဲ့ကစားရမှာဖြစ်ပေမယ့် အာဆင်နယ်ကတော့ တန်းမဆင်းရရေးရုန်းကန်ရမယ့် အဲဗာတန်နဲ့ ကစားရမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာ စပါးက ၂ မှတ်အသာစီးရရှိထားလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခွင့်အရေးအကောင်းဆုံးဖြစ်သွားကာ အာဆင်နယ်ကတော့ ယူရိုပါလိဂ်နဲ့သာ ကျေနပ်ရမယ့်ကိန်းဆိုက်နေပါတယ်။ 

ရှာခါက "ပွဲပြီးချိန်မှာ ပြောစရာစကားလုံးတောင် ရှာဖို့ ခက်နေခဲ့တယ်၊ မတူကွဲပြားတဲ့ ပွဲတပွဲကို ပြသဖို့ ကျနော်တို့ဒီကိုရောက်လာခဲ့ပေမယ့် ပထမဆုံးမိနစ်ကနေ မိနစ် ၉၀ အထိ ကျနော်တို့က ကွင်းထဲမှာရှိနေသင့်တဲ့ခြေစွမ်းမျိုးမပြနိုင်ခဲ့ဘူး၊ စွမ်းဆောင်ရည်ညံ့ဖျင်းတာက ဘာလို့လဲဆိုတာ ကျနော်မသိဘူး၊ ဘာကြောင့်လဲဆိုတာလည်း ခင်ဗျားကို ရှင်းပြဖို့ခက်တယ်"

"game plan အတိုင်း ကျနော်တို့မလုပ်နိုင်ခဲ့ဘူး၊ နည်းပြစကားကိုနားမထောင်ခဲ့ဘူး၊ ဒီလိုဆိုးရွားတဲ့ပုံစံနဲ့ကစားနေတယ်ဆိုရင်တော့ ကျနော်တို့က ချန်ပီယံလိဂ်နဲ့ မထိုက်တန်ပါဘူး၊ ယူရိုပါလိဂ်နဲ့တောင် မတန်ဘူးဗျာ၊ ဒီအခိုက်အတန့်ကို သယ်ဆောင်သွားဖို့ဆိုတာ အရမ်းခက်ပါတယ်၊ ကျနော်တို့ ဘာလို့မလုပ်နိုင်ခဲ့တာလဲဆိုတာကို မသိဘူး၊ နည်းပြပြောသလို မလုပ်နိုင်တာလဲ ဘာကြောင့်ဆိုတာ မသိဘူး" လို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ 

"ဒီပွဲအတွက် အသင့်မဖြစ်သေးဘူးဆိုရင်လည်း ကစားသမားတွေအနေနဲ့ အိမ်မှာပဲနေသင့်တယ်၊ ဒါရှင်းရှင်းလေးပဲ၊ အသက်အရွယ်က အရေးမကြီးပါဘူး၊ ခင်ဗျားက ၃၀၊ ၃၅ ဖြစ်နိုင်တယ်၊ ၁၈ နှစ်လည်းဖြစ်နိုင်တာပဲ၊ အသင့်မဖြစ်ဘူးဆိုရင်၊ ခင်ဗျားကြောက်နေရင် အရန်ခုံ ဒါမှမဟုတ် အိမ်မှာပဲ နေသင့်တယ်၊ ဒီကိုမလာသင့်ဘူး" လို့လည်း ရှာခါက ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က