အာဆင်နယ်ကပိုကောင်းတဲ့အသင်းဆိုတာကို ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ထက် ပိုကောင်းအောင်ကစားနိုင်ခဲ့ပြီးမှ အရေးနိမ့်ခဲ့ရလို့ အသင်းအဝတ်လဲခန်းထဲမှာ အားလုံးစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်က ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်က ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ အာတီတာရဲ့ လူစားလဲလှယ်ပုံအားနည်းချက်တွေနဲ့အတူ ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနှစ်ဂိုးကို ခွင့်ပြုခဲ့ရကာ အာဆင်နယ်တို့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ 

အန်တိုနီရဲ့ ဦးဆောင်ဂိုးကို ဆာကာက ချေပနိုင်ခဲ့ပေမယ့်လည်း ရက်ရှ်ဖို့ဒ်က ပုံစံတူညီတဲ့ သွင်းဂိုးနှစ်ဂိုးကို ဆက်တိုက်ဆိုသလို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ ဒီနောက် အဝတ်လဲခန်းထဲမှာ ကစားသမားအားလုံးစိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရတယ်လို့ ဂျီးဆပ်က ဖွင့်ဟခဲ့ပြီး အမှန်တကယ်အနိုင်ရသင့်တဲ့အသင်းက သူတို့အသင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

"စိတ်ပျက်စရာကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့မှရှုံးခဲ့တာမို့ပါ၊ ကျနော်တို့က သူတို့ထက်ပိုကောင်းခဲ့ပါတယ်၊ ဒါကြောင့် ကျနော်တို့မပျော်မရွှင်ဖြစ်နေခဲ့ရပြီး ကျနော့်အမြင်မှာတော့ အနိုင်ရခဲ့သင့်တာပါ၊ ကျနော်တို့အများကြီးပိုကောင်းခဲ့တာလည်းဖြစ်ပါတယ်၊ ဒါပေမယ့် ဒါက ဘောလုံးပါ၊ ဒီကွင်းမှာပွဲကို အပြီးမသတ်နိုင်ရင်တော့ ပြသနာအကြီးကြီးဖြစ်မှာပါပဲ"

"အခုတော့ အဲဒီကနေပဲ သင်ယူရတော့မှာပါ၊ ဒီရာသီမှာကျနော်တို့ကောင်းကောင်းလုပ်ပြထားနိုင်ပေမယ့် အသင်းတသင်းအနေနဲ့ရော၊ တဦးချင်းအနေနဲ့ရော အားလုံးတိုးတက်ဖို့လိုပါတယ်၊ ကျနော်တို့အသင်းက ကမ္ဘာပေါ်က အခက်ခဲဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ အငယ်ရွယ်ဆုံးအသင်းပါ၊ ဒီပွဲကပြီးသွားပါပြီ၊ လာမယ့်ပွဲတွေအတွက် ကျနော်တို့အကောင်းဆုံးဖြစ်အောင်လုပ်ရပါမယ်၊ ကမ္ဘာပေါ်မှာ ဘယ်အသင်းမှ ပြည့်စုံတယ်ဆိုတာမရှိပါဘူး၊ ကျနော်တို့အတွက် အရေးကြီးတာက သန်သန်မာမာနဲ့ ပြန်လာနိုင်ဖို့ပါပဲ" လို့ ဂျီးဆပ်က ဆိုပါတယ်။

အာဆင်နယ်ကတော့ ရာသီအစ ၅ ပွဲစလုံးကိုအနိုင်ရထားခဲ့ပြီး ယူနိုက်တက်နဲ့အတွေ့မှာမှ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေဆဲဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးထက် တမှတ်အသာစီးရရှိထားတုန်းပါ။ လာမယ့်ပွဲအဖြစ် သူတို့က ဆွစ်ဇာလန်ကလပ်ဇူးရစ်နဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲကို ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က