အယ်လ်ကလက်စီကိုပွဲနဲ့ပတ်သက်လို့ ကော်တိုအာက ဖွင့်ဟခဲ့တာပါ။
ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုအာက ဘာစီလိုနာတို့ ဘာနေဗျူးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့တဲ့ပွဲက ကံကောင်းလို့သာဖြစ်တဲ့အကြောင်း ပြောကြားလာပါတယ်။ ပြီးခဲ့တဲ့လအတွင်းက ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲမှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာအတွက် အူဘာမီးယန်း (နှစ်ဂိုး)၊ အာရူဂျိုနဲ့ ဖာရန်တောရက်စ်တို့က ဂိုးတွေသွင်းယူပေးနိုင်ခဲ့ကြပါတယ်။ ဒီပွဲအပြီး အဝတ်လဲခန်းထဲမှာ ဘာစီလိုနာကစားသမားတွေ အောင်ပွဲခံခဲ့ပြီး ဒန်နီအဲလ်ဗက်စ်ကတော့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရလို့ အောင်ပွဲခံခဲ့တာမဟုတ်ကြောင်း၊ အရင်တုန်းက ငါးဂိုး၊ ခြောက်ဂိုးလောက် သွင်းနေကျဖြစ်ကြောင်းနဲ့ ဘာစီလိုနာရဲ့ ပြန်လာနိုင်မှုအတွက် အောင်ပွဲခံတာသာဖြစ်ကြောင်း ထိုးနှက်ခဲ့ပါတယ်။



ဒါပေမယ့် အခုတခါမှာလည်း ကော်တိုအာက ဘာစီလိုနာရဲ့ နိုင်ပွဲအပေါ် အထင်သေး၊ အမြင်သေးနဲ့ ပြန်လည်ထိုးနှက်လိုက်ပါတယ်။ ကော်တိုအာက “တကယ်ကို ဆိုးရွားတဲ့ ညတညဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရှုံးပွဲတွေအကြောင်းကို အများကြီး မစဥ်းစားနေသင့်လို့ပါ”

“ကျနော်လည်း စိတ်ပျက်ခဲ့ရတာပေါ့။ ဒါပေမယ့် အဲ့ဒီပွဲမတိုင်ခင်နဲ့ အဲ့ဒီပွဲနောက်ပိုင်း ရလဒ်တွေကို ခင်ဗျားကြည့်လိုက်ပါ။ ဘာစီလိုနာက ကျနော်တို့ကို ကံကောင်းလို့သာ နိုင်သွားခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘာစီလိုနာကို ရှုံးနိမ့်ပြီးနောက်ပိုင်း လိဂ်ပွဲနှစ်ပွဲ အနိုင်ရရှိခဲ့သလို၊ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာကတော့ ရုန်းကန်နေရဆဲဖြစ်ပြီး ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဂျာမန်ကလပ် ဖရန့်ဖတ်ကို ၂-၃ ဂိုးနဲ့ ရှုံးနိမ့်ကာ ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်က လာလီဂါချန်ပီယံဆုအတွက် အခြေအနေကောင်းနေပြီး ချန်ပီယံလိဂ်ဖလား မျှော်လင့်ခွင့်ရှိနေချိန်မှာ ဘာစီလိုနာကတော့ ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းရတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က