အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသဖို့ စိတ်အားထက်သန်နေဆဲဖြစ်တဲ့ ရော်နယ်ဒိုဟာ သွေးထဲကို သန့်စင်တဲ့လေ တိုက်ရိုက်ရှူသွင်းနိုင်ဖို့ သက်တောင့်သက်သာဖြစ်အောင် ဖန်တီးပေးမယ့် အောက်ဆီဂျင်စက်တခုကို ဝယ်ယူထားတယ်လို့ သိရပါတယ်။ ဒီလုပ်ထုံးကတဆင့် ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးဖို့ ကူညီပေးနိုင်မှာလည်းဖြစ်ပါတယ်။
"ဒါက သူ့အနေနဲ့ နာကျင်မှုဒဏ်ကို စူးခနဲခံစားရပြီဆိုရင် အသုံးပြုနိုင်မှာဖြစ်ပြီး အကျိူးကျေးဇူးတွေရနိုင်မှာပါ၊ သူ ဒဏ်ရာတွေကြောင့် ပွဲအနည်းငယ်လွဲချော်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း အဲဒါပါပဲ၊ အခုတော့ ဒါကို သူ ရှောင်လွှဲနိုင်ဖို့ လုပ်နေပါပြီ" လို့ The Sun ကို ပြောဆိုခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ hyperbaric oxygen therapy (HBOT) လို့ခေါ်တဲ့ အောက်ဆီဂျင်ကုထုံးကို အသုံးပြုမှာဖြစ်ပါတယ်။
ယူရို ၂၀၁၆ ဗိုလ်လုပွဲမှာ သူရရှိခဲ့တဲ့ ဒူးဒဏ်ရာကိုလည်း အဆိုပါကုထုံးအသုံးပြုကာ ကုသခဲ့သေးတယ်လို့ သိရပါတယ်။ သူဟာ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် ပေါင်ငါးသောင်းတန် ရေခဲကန်ကိုလည်း သယ်ယူလာခဲ့ပြီး ပွဲတပွဲပြီးဆုံးတာနဲ့ ရေခဲကန်အတွင်း ဝင်စိမ်ကာ ကြွက်သားနာကျင်မှုတွေ ပြေပျောက်စေဖို့အတွက် ပြုလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။
ဒီနေ့ညမှာတော့ ယူနိုက်တက်က ၀ုလ်ဗ်နဲ့ ကစားရဖို့ရှိနေပြီး အသင်းလူစာရင်းမှာ ရော်နယ်ဒို ပါဝင်ခဲ့ကာ အဓိကကစားသမားအဖြစ် သေချာပေါက်ကစားရဦးမှာလည်းဖြစ်ပါတယ်။