ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီ မင်္ဂလာပွဲကျင်းပခဲ့တာပါ။

ဘာစီလိုနာ တောင်ပံတိုက်စစ်ကစားသမား အူစမန်နီ ဒမ်ဘီလီဟာ မင်္ဂလာပွဲကျင်းပပြီးစီးခဲ့ပြီလို့ စပိန် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရတော့ ပြင်သစ်လက်ရွေးစင် ဒမ်ဘီလီဟာ မော်ရိုကိုဓလေ့ထုံးတမ်းအတိုင်း မင်္ဂလာဆောင်ခဲ့တယ်လို့ ယူဆရမှာပါ။



ဒမ်ဘီလီတို့ မင်္ဂလာဇနီးမောင်နှံဟာ မော်ရိုကိုရိုးရာဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး နောက်ခံတီးလုံးကလည်း မော်ရိုကိုသီချင်းအမျိုးအစားတွေဖြစ်တယ်လို့ သိရပါတယ်။ ဒမ်ဘီလီရဲ့ ဇနီးဟာ မော်ရိုကိုသူတယောက်ဖြစ်တာကြောင့် အခုလိုပဲ မော်ရိုကိုဓလေ့နဲ့ မင်္ဂလာဆောင်ခဲ့ဟန်ရှိပါတယ်။

ဘာစီလိုနာအတွက်တော့ ကြံ့ခိုင်မှုမကောင်းတဲ့ သူတို့ကစားသမားရဲ့ မင်္ဂလာသတင်းကို ဂုဏ်ပြုရခက်၊ ဝမ်းနည်းရခက်ရှိနေတော့မယ်လို့ နောက်ပြောင်နေကြပါတယ်။ ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာပြီးတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အသင်းကထွက်ခွာဖို့ သတင်းပြေးနေသူပါ။

ဘာစီလိုနာဟာ ဒမ်ဘီလီအတွက် မြင့်မားတဲ့ လုပ်ခလစာတရပ်ကို ပေးချေထားရပြီး ဒမ်ဘီလီအတွက် ကမ်းလှမ်းလာမယ့်အသင်းတွေကိုလည်း စောင့်မျှော်နေရတာပါ။ လက်ရှိနည်းပြ ဇာဗီ ရောက်ရောက်လာချင်း ဒမ်ဘီလီကို ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားဖြစ်အောင် ပျိုးထောင်မယ်ဆိုပေမယ့် ကစားသမားရဲ့ အချိုးမပြောင်းမှုကြောင့် လက်လျှော့လိုက်ရပုံပါပဲ။

ဒမ်ဘီလီဟာ ဇာဗီလက်ထက်မှာ အသင်းလေ့ကျင့်ခန်းအစီအစဥ်ကို ပထမဆုံး နောက်ကျတဲ့ ကစားသမားဖြစ်ခဲ့သလို လက်ရှိအချိန်ထိလည်း သူ့ရဲ့ ကွင်းတွင်းခြေစွမ်းက တိုးတက်ကောင်းမွန်လာခြင်းမရှိသေးပါဘူး။ နောက်ကျတဲ့နေရာနဲ့ ဒဏ်ရာရတဲ့နေရာမှာ နာမည်ကြီးတဲ့ ဒမ်ဘီလီကို လက်လွှတ်နိုင်ဖို့အတွက်လည်း ဘာစီလိုနာတို့ ခေါင်းမီးတောက်အောင် အကြံထုတ်နေတာပါ။

မန်စီးတီး တောင်ပံတိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တုန်းက ဒမ်ဘီလီနဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီးကတော့ ဒမ်ဘီလီကို အလိုမရှိတာကြောင့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ကစားသမားရဲ့ လစာငွေမြင့်မားမှုကလည်း ခေါ်ယူမယ့်အသင်းတွေအတွက် အဓိက အဟန့်အတားတရပ်ဖြစ်နေတာကြောင့် ဘာစီလိုနာတာဝန်ရှိသူတွေကတော့ ဒမ်ဘီလီရဲ့မင်္ဂလာဆောင်ကိုကြည့်ရင်း အတွေးပေါင်းစုံဝင်နေမှာ အသေအချာပဲဖြစ်ပါတယ်။ 

Share

က္က