ဆော်ဒီကလပ် အယ်လ်နာဆာကို နည်းပြသစ်အဖြစ် ကိုင်တွယ်တော့မယ့် လူး၀စ္စကက်စထရိုက သူ့အသင်း တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တဦးအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ကက်စထရိုဟာ လာမယ့်ရာသီသစ်မှာ အယ်လ်နာဆာကို ကိုင်တွယ်သွားမှာပါ။
ပေါ်တူဂီလူမျိုးပဲဖြစ်တဲ့ ကက်စထရိုဟာ ဘရားဇီးလ်ကလပ် ဘိုတာဖိုဂိုကို ကိုင်တွယ်ခဲ့ပြီးနောက် အယ်လ်နာဆာကို ရောက်ရှိလာခဲ့တာပါ။ သူဟာ ပေါ်တို၊ ရှက်တာဒိုးနတ်၊ အယ်လ်ဒူဟာတို့လို အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး အောင်မြင်မှုအတန်အသင့် ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ လက်တွဲရမယ့်အပေါ် သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ သူက "ကမ္ဘာ့အကောင်းဆုံးတဦးကို ကိုယ့်အသင်းမှာ ပိုင်ဆိုင်ထားတယ်ဆိုတာက နည်းပြတိုင်းအတွက် တကယ်ကောင်းမွန်ပါတယ်၊ ရော်နယ်ဒိုက ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးထဲက တဥိးအဖြစ်နဲ့ ဒီအသင်းမှာ ရှိနေတာပါ"
"ဒါကြောင့် သူနဲ့အတူ အလုပ်တွဲလုပ်ရမှာ တကယ်ဝမ်းသာမိပါတယ်" လို့ ပြောဆိုသွားခဲပါတယ်။ ကက်စထရိုနဲ့ ရော်နယ်ဒိုတို့ဟာ အခုချိန်ထိတော့ တွေ့ဆုံရခြင်းမရှိသေးပါဘူး။ ရော်နယ်ဒိုက အားလပ်ရက်အပန်းဖြေခရီးထွက်နေခဲ့တာကြောင့်ဖြစ်ကာ ဒီနေ့မှာမှ အသင်းနဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်။
အယ်လ်နာဆာကတော့ ရာသီကြိုခြေစမ်းခရီးအဖြစ် ပေါ်တူဂီကို ရောက်ရှိနေပြီး ရော်နယ်ဒိုက အဲဒီကို သွားရောက်မှာပါ။ မနေ့က အယ်လ်နာဆာက ခြေစမ်းပွဲတပွဲကစားခဲ့ပြီး ပြိုင်ဘက်ပေါ်တူဂီကလပ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာအတွက် ပြီးခဲ့တဲ့ရာသီမှာ ၁၉ ပွဲကစားပြီး ၁၄ ဂိုး သွင်းပေးထားခဲ့ပါတယ်။