မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့ရဲ့ အဓိကအားကိုးနေရတဲ့ တိုက်စစ်မှူး ဟာလန်းကို ယှဥ်ပြိုင်နိုင်တဲ့ ကစားသမားမရှိတော့ကြောင်း၊ အချက်အလက်တွေက ဖော်ပြနေတာထက်တောင် ဟာလန်းက ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်နေကြောင်း အမွှန်းတင်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီ ကစားပြီးခဲ့တဲ့ ချန်ပီယံလိဂ်နှစ်ပွဲမှာ မန်စီးတီးအတွက် (၃) ဂိုး သွင်းယူပေးထားပါတယ်။
ဒါ့အပြင် နောက်ဆုံးကစားထားတဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ဟာလန်းက ဟက်ထရစ်ရခဲ့ပြီး ပရီးမီးယားလိဂ် အိမ်ကွင်း (၃) ပွဲဆက် ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်စီးတီးဟာ ဒီကနေ့ညမှာ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ကိုပင်ဟေဂင်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။ ဒီပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “သူ့အသက်အရွယ်အပိုင်းအခြားမှာ ဟာလန်းကို ဘယ်သူမှမယှဥ်နိုင်ပါဘူး”
“ကိန်းဂဏန်းအချက်အလက်တွေက ဟာလန်းရဲ့ စွမ်းဆောင်ရည်ကို မီးမောင်းထိုးပြနေပါတယ်။ ဒါပေမယ့် အဝတ်လဲခန်းတွင်းနဲ့ ကွင်းတွင်းမှာ ဟာလန်းလုပ်ပြနေတာတွေက အချက်အလက်တွေထဲမှာ မပါသေးပါဘူး။ သူ အသင်းမှာရှိနေတဲ့အတွက် ကျနော်တို့ ပျော်ရွှင်နေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကိုပင်ဟေဂင်ဟာ အုပ်စုတွင်းမှာ အင်အားနည်းတဲ့အသင်းတသင်းဖြစ်ပြီး ဟာလန်းတယောက် ဂိုးပေါက်ဆက်တွေ့နိုင်ခြေရှိပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ဟာလန်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ဖိုဒန်နဲ့ ပတ်သက်လို့လည်း “ဖိုဒန်ကလည်း ထူးခြားကောင်းမွန်တဲ့ ကစားသမားတယောက်ပါ။ သူက ကျနော်တို့နဲ့ နှစ်ပေါင်းများစွာကြာအောင် အတူတူရှိခဲ့ပြီး အများကြီး အရွယ်ရောက်လာပါပြီ။ သူက (၃) ရက်တပွဲလည်း ကစားနိုင်စွမ်းရှိတဲ့သူတယောက်ပါ။ ကြံ့ခိုင်မှုပိုင်းလည်း ကောင်းမွန်နေပြီး အရာရာတိုင်းမှာ လိမ္မာပါးနပ်မှုရှိပါတယ်”
“ဒါပေမယ့် ဟာလန်းရော၊ ဖိုဒန်ရော နှစ်ယောက်လုံး အခုထက် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်သေးတယ်ဆိုတာကို သူတို့ကိုယ်တိုင်လည်း သိရှိနားလည်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်အုပ်စုရှေ့နှစ်ပွဲကို အနိုင်ရရှိထားပြီး ဒီကနေ့ညမှာသာ ကိုပင်ဟေဂင်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် အုပ်စုတွင်းမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်နိုင်မှာလည်းဖြစ်ပါတယ်။