အေစီမီလန်နဲ့ဆွီဒင်တိုက်စစ်မှူးကြီး အေဘရာမိုဗစ်ကတော့ သူ့ရဲ့ ကစားသမားဘဝ အနားယူရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေ သဘောကျစရာ စကားတခွန်းကို ထပ်မံပြောကြားလာခဲ့ပါတယ်။ အသက် (၄၀) အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ နောက်ပိုင်းမှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့် အနားယူဖို့ စိတ်ကူးမရှိသေးပါဘူး။
အေစီမီလန်နဲ့အတူ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးဖို့ ပစ်မှတ်ထားနေပြီး ကစားသမားဘဝက အနားယူပြီးနောက်ပိုင်း ရင်ဆိုင်ရမယ့်ဘဝနဲ့ ပတ်သက်လို့လည်း အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားထားပါတယ်။ အခု နောက်ဆုံး ယူအီးအက်ဖ်အေရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံခန်းမှာလည်း အီဘရာဟီမိုဗစ်က ပရိသတ်အကြိုက် တော်ကီတွေကို အခုလို ပြောကြားခဲ့ပါသေးတယ်။
အီဘရာဟီမိုဗစ်က “အောင်မြင်မှု၊ ငွေကြေး၊ ကျော်ကြားမှု ဘာတွေပဲရှိရှိ၊ ဘာတွေပဲဖြစ်ဖြစ် ကျနော်က တူညီတဲ့လူသားတယောက်အဖြစ် ရှိနေဆဲပါ။ ဘာမှမပြောင်းလဲပါဘူး။ ခင်ဗျားတို့ ကျနော့်ကို သဘောကျသည်ဖြစ်စေ၊ သဘောမကျဘူးဖြစ်စေ ပြောင်းလဲသွားမှာ ဘာမှကိုမရှိပါဘူး”
“နောက်ပြီး ကျနော်က ဒီကမ္ဘာပေါ်က လူတွေ ကျနော့်ကို သဘောကျနှစ်သက်အောင် လုပ်ပေးဖို့ မွေးဖွားလာတဲ့လူမျိုးလည်း မဟုတ်ပါဘူး။ အနာဂတ်နဲ့ ပတ်သက်လို့ ကျနော့်ဆီမှာ ဘာပလန်မှမရှိပါဘူး။ ဘောလုံးကစားတာကို နားလိုက်လို့ နောင်တရတာကိုလည်း ကျနော် မလိုချင်ပါဘူး”
“ကျနော် ဆက်ကစားချင်ပါသေးတယ်။ လက်ကျန်ဘဝမှာ ကျနော် နောင်တမရချင်ပါဘူး။ ကစားနိုင်သလောက် ကျနော် ဆက်ကစားသွားမှာပါ။ တကယ့်အဖြစ်မှန်ကတော့ ဒီလိုဗျ။ ကျနော့်ထက် ပိုကောင်းတဲ့ ကစားသမား ပေါ်လာတဲ့အထိ ကျနော် ကစားမှာပါ။ အဲ့ဒါကြောင့်လည်း ကျနော်အခုထိ ကစားနေတာပဲလေ” လို့ ပြောကြားသွားခဲ့ပါတယ်။
အီဘရာဟီမိုဗစ်ဟာ ဆွီဒင်နဲ့အတူ (၂၀၂၂) ကာတာကမ္ဘာ့ဖလားကိုလည်း ပါဝင်ကစားဖို့ ပစ်မှတ်ထားဖွယ်ရှိပြီး ဆွီဒင်အနေနဲ့လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်မှာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။