အားလပ်ရက်မပေးဘဲ ကစားသမားတွေကို လေ့ကျင့်စေတော့မှာပါ။

ဒိုင်နမိုဇာဂရက်ကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြတူချယ်လ်တယောက် တော်တော်လေးဒေါသပေါက်ကွဲနေပြီး ကစားသမားတွေကို အားလပ်ရက်တောင်မပေးတော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်အဖွင့်ပွဲမှာပဲ အရေးနိမ့်ခဲ့ကာ တပွဲလုံးခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးရွားမှုကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ 

ဒီရာသီအဝေးကွင်းပွဲတွေမှာ ချယ်လ်ဆီးက တော်တော်လေးဆိုးရွားနေတာဖြစ်ပြီး အဲဗာတန်ကိုနိုင်ခဲ့တာကလွဲရင် ကျန်ပွဲစဉ်အားလုံးကို အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ လိဒ်ကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲလည်းပါဝင်ပြီး အသင်းခံစစ်ကို ယူရိုသန်း ၂၀၀ နီးပါးအသုံးပြုကာ အင်အားဖြည့်ထားခဲ့ပေမယ့် နောက်ဆုံး ၆ ပွဲဆက်တိုက်ကလည်း ဂိုးပေးခဲ့ရပါတယ်။ 

အခုအခါမှာ တူချယ်လ်က ယူနိုက်တက်နည်းပြတန်ဟက်ဂျ်ရဲ့ လမ်းစဉ်ကို လိုက်တော့မှာပါ။ ရာသီအစမှာ ယူနိုက်တက်တို့ ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့နောက် တန်ဟက်ဂျ်ဟာ နောက်တနေ့မှာ ချက်ချင်းပဲ အသင်းကို လေ့ကျင့်ခန်းဆင်းစေခဲ့သလို ၈ မိုင်အကွာအဝေးကိုလည်း ဒဏ်ပေးတဲ့အနေနဲ့ ပြေးစေခဲ့ပါတယ်။ ခြေစမ်းပွဲတွေလည်း ကစားခဲ့ပြီး သူလိုချင်တဲ့ပုံစံရအောင်ကို သွတ်သွင်းကာ လက်ရှိမှာတော့ ၄ ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါတယ်။ 


တူချယ်လ်က "တူညီတဲ့ဇာတ်လမ်းတွေကိုပဲ အမြဲကြားနေရတဲ့အတိုင်းဖြစ်နေပါတယ်၊ ဝက်စ်ဟမ်းနဲ့ပွဲက ပုံစံကြောင့် အကူအညီဖြစ်မယ်ထင်ခဲ့ပေမယ့် ကျနော်ထင်သလိုဖြစ်မလာခဲ့ပါဘူး၊ ကျနော့်ကိုယ်ကျနော်လည်း ဒေါသထွက်မိပါတယ်၊ ဒီပွဲအတွက် အသင်းက အသင့်ဖြစ်နေပြီလို့ ထင်ခဲ့ပေမယ့်လည်း အဲဒီလိုမဟုတ်ခဲ့ဘူး"

"အခုတော့ အားလပ်ရက်မရှိတော့ပါဘူး၊ ပြင်ဆင်မှုတွေလုပ်ဖို့ နားချိန်ရမှာမဟုတ်သလို လက်ရှိအခိုက်အတန့်အတွက်လည်း နားရက်ရမှာမဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲအဖြစ် ဖူလ်ဟမ်ကို အ၀​ေးကွင်းမှာ သွားရောက်ကစားရဦးမှာဖြစ်ပြီး အဝေးကွင်းရလဒ်ဆိုးတွေကို ရပ်တန့်နိုင်ဖို့ အားထုတ်ရတော့မှာပါ။ 

Share

Loading Next Article...
က္က