ပရိသတ်အားပေးမှုရရှိထားတဲ့ ခရီးသွားကောက်ကြောင်း အစီအစဉ် ၇ ကိုတော့ ကယားပြည်နယ်မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီတစ်ခေါက်မှာပါဝင်မယ့် သရုပ်ဆောင်တွေကလည်း စိတ်လှုပ်ရှားနေကြပြီလို့ ဆိုပါတယ်။
ခရီးသွားကောက်ကြောင်းရဲ့ အစီအစဉ်(၇) အနေနဲ့ ‘’မြင့်မိုရ်ဝှက်တဲ့ ပုစ္ဆာ’’ ရုပ်သံဇာတ်လမ်းတွဲကို မကြာခင် ကယားပြည်နယ်မှာ သွားရောက်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ့် မြနှင်းရည်လွင်ကလည်း ကယားပြည်နယ်ရဲ့ အကြောင်းတွေကို လေ့လာရင်း ပျော်နေပြီလို့ မီဒီယာ အင်တာဗျုးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
‘’ကယားပြည်နယ်ကို တစ်ခါမှ မရောက်ဖူးဘူး။ စိတ်လည်း ဝင်စားတယ်ဆိုတော့ ပါမယ့် သရုပ်ဆောင်တွေကလည်း ညီအစ်မတွေလို ဖြစ်နေကြတာဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ကယားပြည်နယ် တောဓားမကြီး ကျေးရွာကို သွားရမှာဆိုတော့ အဲဒီက ကြက်ရိုးဗေဒင် တို့ဘာတို့ လေ့လာထားတာပေါ့နော်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။
ခရီးသွားတာကိုမှ နှစ်သက်လွန်းလှတဲ့ ခင်သဇင်ကလည်း မရောက်ဖူးတဲ့ ဒေသကို သွားရမှာဖြစ်လို့ ကြွားလို့ မဆုံးအောင်ပါပဲလို့ ဆိုပါတယ်။
‘’ခရီးသွားတာကတော့ သဇင့်ရဲ့ ဒုတိယမြောက် ဝါသနာပေါ့နော်။ ဒီ ခရီးသွားကောက်ကြောင်းနဲ့ ကယားပြည်နယ်ကို သွားရတော့မှာဆိုတော့ ပျော်တယ်။ အိမ်မှာလည်း ကြွားလို့မဆုံးဘူး ကယားပြည်နယ် သွားရတော့မယ်ပေါ့။ သဇင်က အပျော်ခရီးထက် အလုပ်နဲ့ ခရီးထွက်ရတာကို ပိုကြိုက်တယ်။ ဒီဇာတ်ကားအတွက်လည်း ရင်ခုန်တယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၃ ရက်နေ့ ညနေက မြင့်မိုရ်ဝှက်တဲ့ ပုစ္ဆာရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
ရွှေသမီးကလည်း ခရီးသွားကောက်ကြောင်း အစီအစဉ် ၇ မှာ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီတစ်ယောက်သွားမယ့် ကယားပြည်နယ် ခရီးစဉ်ကတော့ သူမအတွက် ဒုတိယအကြိမ်မြောက် ရောက်မယ့် ခရီးဖြစ်တယ်လို့ ပြောပါတယ်။
‘’ သူတို့ဆီက အလေ့အထလေးတွေကတော့ စိတ်ဝင်စားစရာကောင်းတယ်။ အခုချိန်ထိလည်း သူတို့ ရိုးရာ ဓလေ့အတိုင်းနေထိုင်တဲ့သူတွေရှိတယ်။ ပြီးတော့ ကယန်းတွေလည်း အများကြီးရှိတယ်။ တော်တော်များများက လွိုင်ကော်ကနေ ဆက်ပြီး သွားရတဲ့ ရွာလေးတွေလည်းရှိတယ်။ သူတို့ဆီက အစားအသောက်လေးတွေကလည်း အရမ်းစားလို့ကောင်းတယ်’’ လို့ သူကဆိုပါတယ်။
‘’မြင့်မိုရ်ဝှက်တဲ့ ပုစ္ဆာ’’ရုပ်သံဇာတ်လမ်းတွဲကို Brave Empire Entertainment က ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Emma ဖြစ်ပါတယ်။ ပါဝင်သွားမယ့် အနုပညာရှင်တွေကတော့ ရွှေသမီး၊ မြနှင်းရည်လွင်၊ ခင်သဇင် တို့က အဓိက ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ကယားပြည်နယ်ရဲ့ အကြောင်းအရာတွေကို လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။