ဗီယက်နမ်မှာ ကျင်းပနေတဲ့ ဆီးဂိမ်းအမျိုးသားဘောလုံးပွဲစဉ်မှာတော့ မြန်မာအသင်းဟာ အဖွင့်ပွဲအဖြစ် တီမောနဲ့ကစားခဲ့ရပေမယ့်လည်း အနိုင်ရဖို့အတွက် ရုန်းကန်သွားခဲ့ရပြီး ပွဲပြီးခါနီးသွင်းဂိုးကြောင့်သာ အနိုင်ရရှိခဲ့လို့ ကံကောင်းခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင်မှာ မြန်မာအသင်းနည်းပြပိုပေါ့ဗ်က ကြောက်ရွံ့စရာအသင်းမရှိဘူးလို့ ပြောဆိုခဲ့ပြီး ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပြီလို့လည်း ပြောဆိုခဲ့ပေမယ့် ခြေစွမ်းပိုင်းအရတော့ အားနည်းချက်တွေရှိနေပါသေးတယ်။
မြန်မာအသင်းဟာ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး အဖွင့်ပွဲမှာ ရုန်းကန်ခဲ့ရတာပါ။ မောင်မောင်လွင်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်တို့လို ပြည်ပထွက်ကစားသူတွေ ပါဝင်ခဲ့ပေမယ့်လည်း အနိုင်ရဖို့အတွက်တော့ နောက်ဆုံးအချိန်ထိ အားထုတ်ခဲ့ရပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။
အုပ်စုတွင်းအဓိကပြိုင်ဘက်တွေလို့ ဆိုရမယ့် ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က အဖွင့်ပွဲမှာ ကိုယ်စီနိုင်ပွဲရခဲ့ပြီး အခြေအနေကောင်းပိုင်ဆိုင်ထားခဲ့လို့ မြန်မာအတွက် တီမောနဲ့ပွဲက အနိုင်ရဖို့ လိုအပ်ခဲ့တာပါ။ မြန်မာအသင်းခံစစ်ပိုင်းဟာ တီမောရဲ့ ဖိအားပေးမှုတွေကို မခုခံနိုင်ခဲ့ဘဲ မထင်မှတ်တဲ့အခြေအနေတွေကနေ ချေပဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
အပိုင်အခွင့်အရေးတချို့ရခဲ့ပေမယ့် မြန်မာအသင်းအသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပြီး တီမောက ချေပဂိုးတွေရအပြီးမှာ ခံစစ်ကို လုံခြုံအောင်ကစားသွားခဲ့ပါတယ်။ အောင်ကောင်းမာန်၊ ဟိန်းထက်အောင်တို့ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ပြီး ကွင်းလယ်ကစားသမားလွင်မိုးအောင်လည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရကာ ဒုတိယပိုင်းမှာ မြန်မာအသင်းတိုက်စစ်ပိုင်းက အားပျော့သွားခဲ့ပြီး အနိုင်ဂိုးရခဲ့တာက အဖိုးတန် ၃ မှတ်ဖြစ်လာခဲ့ပါတယ်။
မြန်မာအသင်းဟာ မေလ ၁၀ ရက်နေ့မှာ ဖိလစ်ပိုင်နဲ့ ထပ်မံကစားရမှာဖြစ်ပြီး အဲဒီနောက် ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ကို ရင်ဆိုင်ရမှာပါ။