လီဗာပူးနည်းပြ ကလော့ပ်ကတော့ သူ့ကို ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ တပ်ရိုက်လိုက်တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို မေးခွန်းထုတ်ခဲ့ပြီး သူပေးဆောင်ရတဲ့ ပိုက်ဆံတွေ အားလုံး ဘယ်ရောက်သွားသလဲလို့ သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။
ကလော့ပ်ဟာ စပါးကို အနိုင်ရရှိခဲ့တဲ့ပွဲက သူ့ရဲ့ အပြုအမူတွေကြောင့် (၂) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး တစ်ပွဲကတော့ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သာ ချမှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် ကလော့ပ်တစ်ယောက် ဒဏ်ငွေတွေလည်း ပေးဆောင်ခဲ့ရပြီး ဒီပိုက်ဆံတွေ ဘယ်ရောက်သွားသလဲဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ် ပြောကြားခဲ့တာပါ။
ကလော့ပ်က “ကျွန်တော့်လူတွေက ကျွန်တော့်ကို အခုထက် ပိုပြီး ပြစ်ဒဏ်ချခံရမယ်ထင်ခဲ့ကြတာပါ။ တစ်ပွဲလောက်ကတော့ အဆင်ပြေပါတယ်။ ဒီရာသီအစောပိုင်း ဆောက်သမ်တန်နဲ့ပွဲကလိုမျိုးပေါ့။ ဒါက တူညီတဲ့ကိစ္စပါပဲ။ ကျွန်တော်ကတော့ ပွဲကို ပိုကောင်းတဲ့နေရာကနေ ကြည့်နိုင်ခဲ့ပြီး ကျွန်တော့်နည်းပြအဖွဲ့ဝင်တွေနဲ့လည်း ဆက်သွယ်နိုင်ခဲ့ပါတယ်”
“ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဒဏ်ကြေးငွေတွေ ဘယ်ရောက်သွားလဲဆိုတာကို ကျွန်တော် သိချင်ပါတယ်။ ဒါက ကောင်းတဲ့ကိစ္စတွေဆီ ရောက်သွားရဲ့လား? အဲ့ဒီလိုဆိုရင်တော့ ကျွန်တော် ပျော်ပျော်ကြီးပေးလိုက်မှာပါ။ တကယ်လို့ ဒီဒဏ်ကြေးငွေတွေကို အက်ဖ်အေက သိမ်းထားတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ပြောစရာတွေ ရှိလာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်ဟာ အက်စတွန်ဗီလာနဲ့ ကစားမယ့်ပွဲမှာ ကွင်းအတွင်း ကြီးကြပ်ခွင့်ရရှိမှာမဟုတ်ဘဲ ပွဲကြည့်စင်ပေါ်ကနေသာ ပွဲကို ကြီးကြပ်ခွင့်ရရှိမှာပါ။ ဒါပေမယ့် သူ့အနေနဲ့ ကွင်းအတွင်းက နည်းပြအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ခွင့်ရရှိမှာဖြစ်ပြီး လီဗာပူးကလည်း လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နယူးကာဆယ်၊ ယူနိုက်တက်တို့ကို မဖြစ်မနေ ဖိအားပေးနိုင်ဖို့လည်း လိုအပ်နေပါတယ်။