ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က သူ့ရဲ့ ချဲလ်ဆီးနည်းပြဘဝ ပထမဆုံးအကြိမ်မှာ ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဟာလန်းက မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး အသင်းနဲ့အတူ ဖလား (၃) လုံးဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းနေပါပြီ။
ဟာလန်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၅၂) ဂိုးသွင်းယူထားသလို ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး (၃၆) ဂိုး သွင်းယူထားကာ စံချိန်သစ်တစ်ရပ်ကိုပါ တင်ရှိထားပါတယ်။ ဟာလန်းကို ခေါ်ယူဖို့အတွက် အရင်ကတည်းက ယူနိုက်တက်၊ ချဲလ်ဆီးတို့အပါအဝင် ဥရောပ ထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဒေါ့မွန်ကို ရွေးချယ်သွားခဲ့တာပါ။
အဲ့ဒီကမှတစ်ဆင့် ဟာလန်းက ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကို ရောက်ရှိလာခဲ့ပြီး အခုချိန်မှာတော့ ဘလွန်းဒီအော်ဆုကိုပါ ဆွတ်ခူးနိုင်ဖို့ ရေပန်းစားလာခဲ့ပါပြီ။ ဟာလန်းနဲ့ ပတ်သက်လို့ လမ်းပတ်က “ဟာလန်းက ကျွန်တော် ချဲလ်ဆီးကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ပါ။ အဲ့ဒီအချိန်ကတည်းက သူ့ရဲ့ ခြေစွမ်းအဆင့်အတန်းက ရှင်းလင်းပြတ်သားခဲ့ပါတယ်”
“ဟာလန်းနဲ့ပတ်သက်လို့ ချီးကျူးရမှာပါ။ ကစားသမားတစ်ယောက်အနေနဲ့ အကောင်းဆုံးပုံစံမှာရှိချင်တဲ့သူတွေကို ကျွန်တော် ချစ်ခင်သဘောကျပြီး သူတို့မှာလည်း ဒီအတွက် အစီအစဥ်တွေရှိပါတယ်။ သူ ဘယ်အသင်းကို ပြောင်းရွှေ့ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့တယ်ဆိုတာကို ကျွန်တော် မသိပေမယ့် ကျွန်တော်ကတော့ သူ့ရဲ့ပရိသတ်ပါ”
“ကျွန်တော် သူ့ကို ခေါ်ယူဖို့ အများကြီး ကြိုးပမ်းခဲ့ပြီး ဟာလန်းက တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းနဲ့ ဒရော့ဘာနှစ်ယောက် နှိုင်းယှဥ်တဲ့နေရာမှာလည်း ဟာလန်းကို ဒရော့ဘာထက် လမ်းပတ်က ပိုမိုချီးကျူးသွားခဲ့ပါသေးတယ်။