ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုက သူသာ မန်စီးတီးမှာ ကစားခွင့်ရရှိမယ်ဆိုရင် တစ်ရာသီကို ဂိုး (၃၀) သွင်းယူနိုင်စွမ်းရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ ရုပ်သံအစီအစဥ်တစ်ခုမှာ အန်တိုနီယိုက မန်စီးတီးနဲ့ ပတ်သက်လို့ အခုလိုမျိုး ဖွင့်ဟပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဟာလန်းက မန်စီးတီးအတွက် အကောင်းဆုံး ဂိုးသွင်းခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းကြုံးရယူခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့ ပထမဆုံးရာသီမှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဟာလန်း ဒါမျိုး ခြေစွမ်းပြနိုင်တာက မန်စီးတီးရဲ့ ကစားသမားအင်အား တောင့်တင်းမှု၊ အသင်းဖော်တွေနဲ့ နည်းပြ ဂွါဒီယိုလာရဲ့ ပံ့ပိုးမှုတွေကြောင့်လို့ ဆိုနေကြပါတယ်။
အန်တိုနီယိုကလည်း “ကျွန်တော်သာ မန်စီးတီးမှာ ကစားခွင့်ရမယ်ဆိုရင် တစ်ရာသီကို ဂိုး (၃၀) လောက် သွင်းနိုင်မှာပါ။ ကျွန်တော် ဒါကို အချက်အလက်အပေါ် အခြေခံပြီး ပြောတာပါ။ ခင်ဗျားတို့ ကျွန်တော် ပြောတာကို သေချာစဥ်းစားကြည့်စမ်းပါ။ သူ့အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေးတွေကိုလည်း ခင်ဗျားတို့ ကြည့်ပါဦး” လို့ ပြောကြားသွားခဲ့ပါတယ်။
ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး (၃၆) ဂိုးနဲ့အတူ တစ်ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုးသွင်းစံချိန်ကို တင်နိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အန်တိုနီယိုက ဝက်စ်ဟမ်းရဲ့ အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်ပေမယ့် ဒီရာသီမှာ သူက အသင်းအတွက် လိဂ်သွင်းဂိုး (၅) ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အရင်ကလည်း တန်းဆင်းသွားပြီဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နည်းပြ ဆမ်အလာဒွိုက်စ်က သူသာ မန်စီးတီးကို ကိုင်တွယ်ခွင့်ရမယ်ဆိုရင် ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ဘောလုံးရာသီ ပြီးဆုံးချိန်မှာတော့ လိဒ်စ်က တန်းဆင်းခဲ့ရပြီး ဆမ်အလာဒွိုက်စ်လက်ထက်မှာလည်း အသင်းက တစ်မှတ်သာရရှိခဲ့ပါတယ်။