အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက သူနဲ့ မက်ဆီအကြား ပြိုင်ဆိုင်မှုတွေက အဆုံးသတ်သွားပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ခေတ်တစ်ခုရဲ့ ဘောလုံးလောက စင်မြင့်ကို ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ယောက်က အပြိုင်အဆိုင် သိမ်းပိုက်ခဲ့တာပါ။
ရော်နယ်ဒိုက ဘလွန်းဒီအော်ဆုကို (၅) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီကတော့ (၇) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိ (၂၀၂၃) ခုနှစ်အတွက် ဘလွန်းဒီအော်ဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာချိန်မှာလည်း မက်ဆီက ဒီဆုကို (၈) ကြိမ်မြောက်အဖြစ် ထပ်မံ ဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။
မက်ဆီနဲ့ သူ့အကြား ပြိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက “ခင်ဗျားက ရော်နယ်ဒိုကို ကြိုက်လို့ဆိုပြီး မက်ဆီကို မုန်းတီးနေလို့ မရပါဘူး။ ကျွန်တော်တို့ နှစ်ယောက်က ဘောလုံးလောကကို ပြောင်းလဲစေခဲ့ကြပြီး လေးစားမှုလည်း ရှိခဲ့ကြပါတယ်။ အခုချိန်မှာ ကျွန်တော်နဲ့ မက်ဆီအကြား အားပြိုင်မှုက ပြီးဆုံးသွားခဲ့ပါပြီ”
“ကျွန်တော်တို့နှစ်ယောက်လုံးက ဆော်ဒီနဲ့ အမေရိကမှာ ပုံစံကောင်း ပြနေကြပါတယ်။ အားပြိုင်မှုလား? ဒီလိုမျိုးတော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က ဘလွန်းဒီအော်စင်မြင့်ကို (၁၅) နှစ်ကြာ မျှဝေခံစားခဲ့ကြပါတယ်။ ကျွန်တော်တို့က သူငယ်ချင်းတွေလည်း မပြောပါဘူး။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိကြပါတယ်”
“ပြိုင်ဆိုင်မှုကတော့ ကောင်းခဲ့ပါတယ်။ ပရိသတ်တွေလည်း ဒါကို သဘောကျခဲ့ကြတယ်လေ” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာ၊ မက်ဆီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီတို့မှာ ကစားနေပြီး နှစ်ယောက်စလုံးက သူတို့ရဲ့ ကစားသမားဘဝ နေဝင်ချိန်တွေကို ဖြတ်သန်းနေကြပြီဖြစ်ပါတယ်။