အကီရဲ့ဂိုးက အငြင်းပွားစ‌ရာရှိခဲ့တာပါ။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ဖူလ်ဟမ်ကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အငြင်းပွားဖွယ်သွင်းဂိုးတစ်ဂိုးအတွက် အံ့အားသင့်စရာ ပြောစကားကို ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဟာလန်းက ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ VAR ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ အငြင်းပွားဖွယ်ရာ မြင်ကွင်းကိုမြင်တွေ့ခဲ့ရပါသေးတယ်။



မန်စီးတီးအတွက် ဦးဆောင်ဂိုးကို အကီက ခေါင်းတိုက်ဂိုးသွင်းယူချိန်မှာ မန်စီးတီး ကစားသမားတစ်ယောက်ပဲဖြစ်တဲ့ အကန်ဂျီက သိသိသာသာပဲ လူကျွံနေခဲ့တာပါ။ ဒီဖြစ်ရပ်မှာ VAR ကို ပြန်ကြည့်ပြီးသည့်တိုင် မန်စီးတီးရဲ့ဂိုးအဖြစ်သာ သတ်မှတ်ခဲ့တာကြောင့် ဖူလ်ဟမ်ကစားသမားတွေ ဒေါသပေါက်ကွဲခဲ့ပါတယ်။

ဒီဂိုးအတွက် သူ့ရဲ့ အမြင်ကို မေးချိန်မှာတော့ ဟာလန်းက “ကျွန်တော်လည်း ဒါကို လူကျွံဘောလို့ပဲ မြင်ပါတယ်။ ဖူလ်ဟမ်အတွက်လည်း စိတ်မကောင်းပါဘူး။ ကျွန်တော်သာ သူတို့နေရာမှာဆိုရင်လည်း ဒေါသပေါက်ကွဲမှာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားကလည်း ဒီဖြစ်ရပ်အတွက် ပွဲအပြီးမှာ အပြင်းအထန် ဝေဖန်ခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် အသင်းကို ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ကြောင်း၊ ဒီဂိုးကို ခွင့်မပြုရမှာက ရာနှုန်းပြည့် သေချာကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။

ဒီဂိုးကို ပေးလိုက်ရချိန်မှာ မန်စီးတီးနဲ့ ဖူလ်ဟမ်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်ဖြစ်ပြီး အကီရဲ့ ဒီဂိုးကြောင့်ပဲ မန်စီးတီးတို့ ပထမပိုင်းမှာ ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးရဲ့ တိုက်စစ်ကို ဖူလ်ဟမ်တို့ မထိန်းနိုင်တော့ဘဲ ဟာလန်းရဲ့ ဟက်ထရစ်အပါအဝင် မန်စီးတီးက အိမ်ကွင်းမှာ ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ 

Share

Loading Next Article...
က္က