အေစီမီလန်နည်းပြ ပီအိုလီကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အင်တာမီလန်ကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့ လွဲချော်ရပြီးနောက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့သလို အီဘရာဟီမိုဗစ်လိုမျိုး အတွေ့အကြုံရှိတဲ့ ဝါရင့် ကစားသမားကိုလည်း အသုံးမပြုနိုင်ခဲ့ဘူးလို့ ငြီးတွားခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အေစီမီလန်တို့ ၁-၀ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း နှစ်ကျော့ပေါင်းရလဒ် ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ကာ အေစီမီလန်တို့ ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။
ပီအိုလီကတော့ ပထမအကျော့ပြီးချိန်ကနေ ဒုတိယအကျော့ မစခင်အချိန်အထိ သူ့အသင်း ပြန်လာမယ့်အကြောင်းကို တဖွဖွ ပြောခဲ့သူပါ။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ အေစီမီလန်တို့ ဆီမီးဖိုင်နယ်မှာ နှစ်ကျော့လုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ပွဲအပြီးမှာလည်း ပီအိုလီက “ကျွန်တော်တို့မှာ အတွေ့အကြုံရှိတဲ့ ကစားသမားရှိခဲ့ပါတယ်”
“ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ အီဘရာဟီမိုဗစ်ကို အသုံးမပြုနိုင်ခဲ့ပါဘူး။ အသင်းရဲ့မူဝါဒက ကြီးမားတဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ဖို့ပါ။ ဒီနှစ်မှာ ကျွန်တော်တို့က ချန်ပီယံလိဂ်မှာ ပြိုင်ဆိုင်နိုင်စွမ်း အပြည့်ရှိခဲ့ပါတယ်။ ဒီတော့ ပြည်တွင်းမှာ အားနည်းသွားပါတယ်။ ရာသီကုန်ချိန်မှာတော့ ကျွန်တော်တို့အတွက် ဘယ်အရာက အလုပ်ဖြစ်တယ်၊ ဘယ်အရာက အလုပ်မဖြစ်ဘူးဆိုတာကို ပြင်ဆင်ရမှာပါ”
“ဒီရာသီက အေစီမီလန်အတွက် သင်ခန်းစာ အများကြီးရရှိခဲ့တဲ့ပွဲပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် အေစီမီလန်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် နောက်တစ်ကြိမ် ကစားသမားစာရင်း တင်သွင်းတဲ့နေရာမှာ အဆိုပါ ဝါရင့်တိုက်စစ်မှူးကြီးကို ချန်လှပ်ခဲ့တာလည်းဖြစ်ပါတယ်။