ယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုးက ဒီနေ့ည မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင် ပြိုင်ဘက် အသင်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ အခု ဗိုလ်လုပွဲက ဒီနှစ်သင်းအတွက် ဒီရာသီမှာ တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်လာပြီး နှစ်သင်းလုံးကတော့ အက်ဖ်အေဖလားကို အရယူဖို့ အားခဲထားပါတယ်။
ပရီးမီးယားလိဂ် ပထမအကျော့ မန်စီးတီး အိမ်ကွင်းမှာ မန်စီးတီးက ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဒုတိယအကျော့ ယူနိုက်တက် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာတော့ ယူနိုက်တက်က ၂-၁ ဂိုးနဲ့ ပထမအကျော့ ရှုံးကြွေးကို လက်စားချေခဲ့ပါတယ်။ အခု အက်ဖ်အေဖလား ဗိုလ်လုပွဲကလည်း နှစ်သင်းလုံးအတွက် အဓိပ္ပာယ်အများကြီးရှိနေပါတယ်။
(၁၉၉၉) ခုနှစ်မှာ ချန်ပီယံလိဂ်နဲ့အတူ တစ်ရာသီအတွင်း ဆုဖလားသုံးလုံးရရှိထားတဲ့ ယူနိုက်တက်အနေနဲ့ မြို့ခံပြိုင်ဘက်က သူတို့ကို ခြေရာလာမတိုင်းနိုင်အောင် ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်ပါတယ်။ မန်စီးတီးကလည်း သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားနဲ့အတူ ဆုဖလား သုံးလုံးအိပ်မက်ကို အသက်ဆက်နိုင်ဖို့ အခု အက်ဖ်အေဖလားကို အရယူနိုင်ဖို့ လိုအပ်ပါတယ်။
ကက်စ်မဲရိုးကတော့ “ပထမအကျော့မှာ မန်စီးတီးက ကျွန်တော်တို့ထက် ပိုကောင်းပြီး အနိုင်ယူဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမယ့် လိဂ်ပွဲမှာ ၆-၃ ဂိုးနဲ့ နိုင်တာကို ပြောမယ်ဆိုရင် အဲ့ဒါကလည်း သုံးမှတ်ပဲရတာလေ။ ကျွန်တော်တို့ နောက်ဆုံးမှာ စိတ်ဓာတ်ကျပြီး ပြိုင်ဘက်က (၆) ဂိုး သွင်းသွားပါတယ်။ ဒါပေမယ့် အခြားပွဲတွေလိုပဲ သုံးမှတ်တည်း ရတာပါ”
“ကျွန်တော်တို့လည်း သူတို့ကို အိမ်ကွင်းမှာ ပြန်အနိုင်ယူခဲ့တာပဲလေ။ မန်စီးတီးအကြောင်းကို စဥ်းစားနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် အရေးပါတဲ့ ဗိုလ်လုပွဲ ကစားဖို့ကိုပဲ စဥ်းစားပါတဘ်။ မန်စီးတီးက ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့မှန်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်အကြောင်းကိုယ်ပဲ တွေးပြီး ဒီဗိုလ်လုပွဲမှာ အနိုင်ရဖို့ပဲ စဥ်းစားနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။