ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ရဲ့အကို နော်ဒင်က သူ့ရဲ့ညီကို ယူနိုက်တက်နည်းပြ တန်ဟက်ခ်က တော်တော်လေး သဘောကျနေကြောင်းနဲ့ အမ်မရာဘတ်အနေနဲ့လည်း ဒီနွေရာသီမှာ ဥရောပထိပ်တန်းအသင်းကြီးကိုသာ ပြောင်းရွှေ့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကတည်းက စီးရီးအေကနေ ထွက်ခွာဖို့ သတင်းပြေးခဲ့သူပါ။
ဒါပေမယ့် ဖီအိုရင်တီးနားဘက်က သူတို့ရဲ့ ကစားသမားကို အရဆက်ထိန်းနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အမ်မရာဘတ်အတွက် ဘာစီလိုနာ၊ ယူနိုက်တက်တို့လို အသင်းကြီးတွေက ကြိုးစားနေတာကြောင့် ဒီကစားသမားကို လက်လွှတ်ရမယ်ဆိုတာကို ကလပ်အသင်းဘက် နားလည်သဘောပေါက်ထားပါတယ်။
နော်ဒင်က “အမ်မရာဘတ်က ထိပ်တန်းအသင်းကြီးကိုပဲ သွားချင်တာပါ။ အင်္ဂလန်ပရီးမီးယားလိဂ်က အလယ်အလတ်အသင်းနဲ့ အီတလီမြေနဲ့ကို အလဲအထပ် လုပ်မှာ မဟုတ်ပါဘူး။ ဘာစီလိုနာအတွက် သူက ထိပ်တန်းပစ်မှတ်ဆိုပေမယ့် သူတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကလည်း ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ သူ့အတွက် ဘယ်အသင်းတွေက အပြိုင်အဆိုင်ဖြစ်လာမလဲ ခင်ဗျားတို့ မသိနိုင်ပါဘူး”
“ဒါပေမယ့် ကျွန်တော့်ညီကတော့ စပိန် ဒါမှမဟုတ် အင်္ဂလန်က ထိပ်တန်းအသင်းကြီးတစ်သင်းမှာ ပါဝင်ကစားဖို့ ပစ်မှတ်ထားနေတယ်ထင်ပါတယ်။ တန်ဟက်ခ်က အခုချိန်မှာ တိုက်စစ်မှူးအသစ်တစ်ယောက်ကို အရင်ရှာနေပါတယ်။ အဲ့ဒီကနေမှ သူ ကျွန်တော်တို့နဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေကို စဥ်းစားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ညီကို တန်ဟက်ခ် တော်တော်လေး သဘောကျနေပါတယ်”
“သူက အမ်မရာဘတ်ရဲ့ ခြေစွမ်းတွေအောက် ပြိုလဲနေပြီး သူတို့နှစ်ယောက်အကြားမှာလည်း ဆက်ဆံရေးကောင်းရှိနေပါတယ်။ ဒီတော့ ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း တိုက်စစ်မှူးသစ် ရရှိတာနဲ့ တစ်ပြိုင်နက် အားနည်းနေတဲ့ ကွင်းလယ်နေရာအတွက် သေချာပေါက် အင်အားဖြည့်တင်းမှာဖြစ်ပြီး အမ်မရာဘတ်က တန်ဟက်ခ်ရဲ့ ပစ်မှတ်စာရင်းထဲ သေချာပေါက် ပါဝင်လာနိုင်ပါတယ်။