ရိုးမားနည်းပြ မော်ရင်ဟိုက မနေ့ညက လေဗာကူဆင်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ နိုင်ပွဲရအပြီး ကစားသမားအားလုံးကို ချီးကျူးကြောင်း ပြောကြားလိုက်ပါတယ်။ ရောမမြို့မှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ ရိုးမားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အီဒိုရာဒိုဘိုဗီက သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာ မော်ရင်ဟိုက “ဒီပွဲရလဒ်အတွက် ကစားသမားအားလုံးကို ချီးကျူးပါတယ်။ သူတို့က ပရိသတ်တွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ၊ ဆန္ဒနဲ့ စာနာမှုအရာအားလုံး ရှိခဲ့ပါတယ်။ ဒါတွေရှိရမယ်လို့လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိခဲ့ပါတယ်။ နောက်ပြီး ပရိသတ်တွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှာ ရိုးမားပရိသတ်တွေက အသင်းဘတ်စ်ကားကို အိမ်ကွင်းရှေ့မှာ မီးရှူးမီးပန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြိုဆိုခဲ့ကြပါတယ်။ ဒီအပေါ်မှာလည်း မော်ရင်ဟိုက “ကျွန်တော်တို့အတွက် ကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ကွင်းထဲကို သွားချိန်မှာ ပရိသတ်တွေ ကျွန်တော်တို့ကို ကြိုဆိုခဲ့ပုံက ကွာခြားခဲ့ပါတယ်”
“ကျွန်တော့်လိုမျိုး အတွေ့အကြုံပေါင်းများစွာရှိတဲ့သူကိုတောင် ဒီလိုကြိုဆိုမှုမျိုးက အကျိုးသက်ရောက်မှုရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ရိုးမားဟာ စီးရီးအေမှာ ထိပ်သီး (၄) သင်းစာရင်းထဲ ဝင်ဖို့ မသေချာတော့တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။
အဲ့ဒါကြောင့်လည်း လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကစားချင်တယ်ဆိုရင်တော့ ရိုးမားတို့ ယူရိုပါလိဂ်ဖလားကို မဖြစ်မနေ ရယူဖို့ လိုအပ်ပါတယ်။ ရိုးမားအနေနဲ့ လေဗာကူဆင်ကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် တစ်ဖက်က ဂျူဗင်တပ်စ်၊ ဆီဗီလာ တစ်သင်းသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာပါ။