2FA လုံခြုံရေးအကြောင်းပြုပြီး ယူထားတဲ့ ဖုန်းနံပါတ်တွေကို အသုံးချသွားတာပါ။

အကောင့်လုံခြုံရေးအတွက် လူမှုကွန်ရက်သုံးစွဲသူတွေဆီက ယူထားတဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်တွေကို ကြော်ငြာပစ်မှတ်ထားရာမှာ သုံးခဲ့တယ်ဆိုပြီး ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင် FTC က Twitter ကို ဒေါ်လာသန်း ၁၅၀ ဒဏ်ရိုက်ခဲ့ပါတယ်။ 



အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်တွေကို နှစ်ဆင့်ခံလုံခြုံရေးစနစ် Two-Factor Authentication နဲ့ အကောင့်လုံခြုံရေး ကာကွယ်ပေးရာမှာ သုံးမယ် ဆိုပြီး ပြောခဲ့တဲ့ Twitter ဟာ ဒီအချက်အလက်တွေကို ကြော်ငြာပစ်မှတ်ထားရာမှာ အသုံးချခဲ့တယ်လို့ FTC က ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့က FTC ရဲ့ ပြောကြားချက်ထဲမှာ ၂၀၁၄ ကနေ ၂၀၁၉ ခုနှစ်အတွင်း Twitter ဟာ အသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို ကြော်ငြာရှာဖို့ ရည်ရွယ်ချက်နဲ့ အသုံးချခဲ့တယ်လို့ ပါရှိပါတယ်။ 


“Twitter ဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ သုံးစွဲသူဆီက အချက်အလက်တွေ ယူခဲ့တယ် ။ ဒါပေမယ့် နောက်တော့ ဒီဒေတာတွေနဲ့ပဲ ကြော်ငြာနဲ့ အသုံးပြုသူတွေကို ပစ်မှတ်ထားရာမှာ သွားသုံးနေတယ်။”လို့ FTC ဥက္ကဌ လီနာ အမ်ခမ်းက ဆိုပါတယ်။ ဒီလို လုပ်တာဟာ Twitter အသုံးပြုသူ သန်း ၁၄၀ ကျော်ပေါ် သက်ရောက်ခဲ့ပြီး Twitter ရဲ့ မူရင်းဝင်ငွေ အရင်းအမြစ်လည်း တိုးတက်လာခဲ့တယ်လို့ ပြောပါတယ်။ 

Twitter ရဲ့ လုပ်ရပ်ဟာ FTC အက်ဥပဒေ နဲ့ ၂၀၁၁ ကော်မရှင်အက်ဥပဒေကို ချိုးဖောက်ရာ ရောက်ခဲ့တယ်လို့ FTC က ဆိုပါတယ်။ ဒါ့အပြင် အီးယူ-အမေရိကန် ကိုယ်ရေးအချက်အလက်ကာကွယ်ရေးနဲ့ ဆွစ်-အမေရိကန် ကိုယ်ရေးအချက်အလက်များ ကာကွယ်ရေးသဘောတူညီချက်တွေကိုလည်း ချိုးဖောက်ရာ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Twitter ကတော့ တချို့ အချက်အလက်တွေဟာ ကြော်ငြာဖို့ ရည်ရွယ်ချက်နဲ့ မတော်တဆ အသုံးပြုမိခဲ့တယ်လို့ ပြောပါတယ်။ 



သုံးစွဲသူအချက်အလက် လုံခြုံရေးထိန်းသိမ်းဖို့ နဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ လေးစားမှုထားရှိရေးဟာ ကုမ္ပဏီရဲ့ အလေးအနက်ထားတဲ့ ကိစ္စဖြစ်ပြီး အခုကိစ္စအတွက် FTC နဲ့ အဆင့်ဆင့် ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ FTC က အမိန့်ချမှတ်တဲ့အတိုင်း ဒေါ်လာ သန်း ၁၅၀ ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ပြီး ဖြစ်သလို ကုမ္ပဏီအနေနဲ့ သုံးစွဲသူဆီက ယူထားတဲ့ အချက်အလက်ကို အမြတ်ထုတ်တာမျိုး ရှောင်ကြဉ်သွားမယ်လို့လည်း ပြောပါတယ်။ 

Twitter ဟာ ကိုယ်ရေးအချက်အလက် အလွဲသုံးခံရတဲ့ Users တွေကိုလည်း အသိပေးသွားရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က