မော်ရိုကို ပရိသတ်တစ်ဦးဟာ မော်ရိုကိုအသင်းက ၂၀၁၀ ကမ္ဘာ့ဖလား ချန်ပီယံတွေကို ၁၆ သင်းရှုံးထွက်အဆင့်ကနေ ဖြုတ်ပစ်နိုင်ခဲ့ပြီးနောက် စပိန်ကစားသမားတွေကို လေဆိပ်က ဘယ်နားမှာလဲဆိုတာကို ပြောပြီး လှောင်ပြောင်ခဲ့ပါတယ်။
မော်ရိုကိုနဲ့ စပိန်တို့ဟာ ပွဲကစားချိန် မိနစ် ၁၂၀ ပြည့်တဲ့အထိ ဂိုးရလဒ်မထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပြီး လူးဝစ္စ အန်နရီကေးက ၎င်းရဲ့အသင်းသားတွေက လေ့ကျင့်ရေးမှာ ပင်နယ်တီကို အကြိမ် ၁၀၀၀ လောက် လေ့ကျင့်ခဲ့တယ်လို့ ကြွားလုံးထုတ်ခဲ့ပေမယ့် တကယ့်တကယ်တမ်း ကန်သွင်းချိန်မှာ တစ်လုံးမှ မဝင်ခဲ့တာဖြစ်ပါတယ်။ စပိန်အသင်းအတွက် ပင်နယ်တီကို ပါဘလို ဆာရာဘီရာ၊ ကားလို့စ် ဆိုလာ၊ အသင်းခေါင်းဆောင် ဘူးစ်ကတ်တို့က ကန်သွင်းခဲ့ရာမှာ အကုန်လုံးလွဲချော်ခဲ့ကြတာဖြစ်ပြီး မော်ရိုကိုအသင်းအတွက် ပင်နယ်တီကို ဆာဘီရီ၊ ဇီယက်ရှ်တို့ ၂ ဦးစလုံး ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် ဘင်နုန်းက လွဲချော်ခဲ့ပြီးနောက် အဆုံးအဖြတ် ပင်နယ်တီသွင်းဂိုးကို ဟာကီမီက panenka ကန်ချက်နဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
အံ့အားသင့်ဖွယ် ရလဒ်ထွက်ပေါ်လာခဲ့ပြီးနောက် မော်ရိုကို ပရိသတ်တစ်ဦးဟာ စပိန်ပရိသတ်တွေကို ထိုင်ငိုချင်စိတ်ပေါက်သွားအောင် လုပ်ခဲ့ပြီး ဘတ်စ်ကားပေါ်မှာ စပိန်အသင်းဝတ်စုံဝတ်ဆင်ထားတဲ့ ပရိသတ် ၂ ဦးကို ဗီဒီယိုရိုက်ပြီး အစပိုင်းမှာ 'ကံကောင်းပါစေ၊ မင်းတို့က အသင်းကောင်းတစ်သင်းပါ'လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ စပိန်ပရိသတ် ၂ ဦးဟာ အဲဒီစကားကြောင့် စိတ်သက်သာရသွားသလို ဖြစ်သွားချိန်ကျမှ ဗီဒီယို ရိုက်ကူးနေတဲ့ မော်ရိုကို ပရိသတ်က 'လေဆိပ်က ဒီလမ်းနော်'လို့ အော်ဟစ်ပြီး သဘောကျဟန်နဲ့ ရယ်မောခဲ့တာဖြစ်ပါတယ်။
ဒီဗီဒီယိုကို ရိုက်ကူးခဲ့တဲ့ မော်ရိုကို ပရိသတ်ရဲ့ နာမည်ဟာ ယာယက် ဟက်ဒီရာဖြစ်ပြီး အင်စတာဂရမ်ပေါ်မှာ ပရိသတ်ပေါင်း ၄ သိန်းအထိ ရှိတဲ့ ဗီဒီယို ဖန်တီးတင်ဆက်သူ တစ်ဦးဖြစ်ပါတယ်။ ဟက်ဒီရာက ဒီဗီဒီယိုဖိုင်ကို သူရဲ့ ချန်နယ်တွေမှာ တင်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်က ဘောလုံးပရိသတ်တွေကြား ပျံ့နှံ့သွားခဲ့တာဖြစ်ပြီး စုစုပေါင်း ကြည့်ရှုသူ ၅ သန်းကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ လာမယ့် စနေနေ့မှာ ပေါ်တူဂီအသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။